ဖွဘုတ်ထဲမှာ တစ်ခါ တစ်ခါ ရဟန်းများ၏ လုပ်ငန်းဆောင်တာကို ထဲထဲဝင်ဝင် နားမလည်ဘဲ နိုင်ငံရေးမှိုင်းတိုက်ခံရသောကြောင့်သော်၎င်း၊ အနောက်စကားများ လွှမ်းမိုးခံရသောကြောင့်သော်၎င်း ဗုဒ္ဓဘာသာရဟန်းတော်များကို မတောက်တခေါက် ဝေဖန်ထားတာမျိုးတွေ ဖတ်ရပါတယ်။ သူတို့က ဝေဖန်ရုံတင်မဟုတ်ဘူး၊ တစ်ခါတစ်ခါ ရဟန်းတွေကို Guideline တွေပါ ပေးချင် ပေးလိုက်သေးတာ။ ဟိုလို လုပ်သင့်တယ်၊ ဒီလို မလုပ်ရဘူး ဆိုတာမျိုးပေါ့။ အဲ့နေရာမှာ ရဟန်းများ၏ ဘဝကို တကယ်နားလည်လို့၊ ရဟန်းဝိနည်းတွေကို တကယ်နားလည်လို့ ထောက်ပြတာမျိုး ဆိုရင်တော့ဖြင့် ဝမ်းမြောက်ဝမ်းသာစွာ ကြိုဆိုပါတယ်။ သို့သော် တချို့ တချို့ ဝေဖန်ချက်တွေမှာ အလွဲတွေ ပါနေတတ်ပါတယ်။ ထိုအလွဲတွေကို ဖွဘုတ်အသုံးများတဲ့ မီရမာလူငယ်မျိုးဆက်က ဖတ်ချင်သလို ဖတ်ပြီး၊ တွေးချင်သလို တွေးကာ စိတ်ထဲ စွဲမှတ်ထားလိုက်ရင်တော့ မီရမာ အနာဂတ် သာသနာအတွက် မကောင်းပေ။
အဲ့တော့ ဘယ်လိုမျိုးတွေ ရေးလာလဲဆိုတော့ "ရဟန်းဆိုတာ လူ့ဒကာ၊ ဒကာမတွေလှူထားတဲ့ ကျောင်းမှာ ဗုဒ္ဓချမှတ်ထားတဲ့ ဝိနည်းတော်နဲ့ အညီနေပြီး ပရိယတ္တိ၊ ပဋိပတ္တိတွေလုပ်နေရင် ရပါပြီတဲ့၊ လူ့ဒကာတွေနေတဲ့ လူ့ရွာ၊ မြို့တွေထဲလာစရာလည်းမလိုသလို၊ လူ့ကိစ္စ၊ လူ့ပြဿနာတွေထဲလည်း လာပါစရာ မလိုပါဘူးတဲ့"။ အဲ့လိုသဘောမျိုး သက်ရောက်တဲ့စာတွေ ရေးလာကြတယ်။ ဆိုလိုချင်တာက ဘုန်းကြီးဆိုတာသည် လူလှူတဲ့ကျောင်းမှာနေ၊ လူလှူတဲ့ဆွမ်းကိုစား၊ လူလှူတဲ့သင်္ကန်းကိုဝတ်ပြီး လူလှူထားတဲ့ ကျောင်းဝင်းထဲမှာပဲ အေးဆေးနေ၊ လူတွေနေတဲ့ နေရာတွေ၊ လူတွေလုပ်တဲ့ ကိစ္စတွေမှာ လာဝင်ပါစရာမလို လို့ ဆိုလိုတာပဲ ဖြစ်ပါတယ်။
အဲ့လိုပြောဆိုချက်တွေကို တစ်ချို့တစ်ဝက်ကိစ္စတွေကို နားလည်လက်ခံပေးနိုင်ပေမယ့်၊ လုံးဝ ဥဿုံတော့ လက်မခံနိုင်ပါ။ ဥပမာ-လူတွေပြုတဲ့ ကြက်တိုက်၊ ဖဲရိုက်၊ အရက်သောက်၊ ကေတီဗီတက် စတဲ့ အလုပ်ကိစ္စမျိုးတွေကိုတော့ ရဟန်းတွေအနေနဲ့ ပါဝင်မှု မပြုသင့်ဘူး ဆိုတာကို လက်ခံပါတယ်။ သို့သော် ရပ်ရွာတိုးတက်ရေးကိစ္စတွေဖြစ်တဲ့ စာကြည့်တိုက်ဖွံ့ဖြိုးရေးကိစ္စ၊ ရပ်ရွာစာသင်ကျောင်းများ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စ၊ ရပ်ကွက်သူရပ်ကွက်သားများ ယဉ်ကျေးလိမ္မာစွာ ပြုမူကျင့်ကြံနိုင်ရေးကိစ္စများတွင်တော့ ရဟန်းတွေအနေနဲ့ တစ်ဖက်တစ်လမ်းကနေ သြဝါဒပေးတာမျိုး၊ အကြံဉာဏ်ပေးတာမျိုးတွေ လုပ်သင့်ပါတယ်။
လူတွေလှူတဲ့ ပစ္စည်းလေးပါနဲ့ပဲနေ ၊ လူတွေပင့်မှလာ၊ ရှင်းရှင်းပြောရရင် လူတွေ ခေါ်မှလာ၊ မခေါ်ရင် ကွကို ကျောင်းထဲမှာပဲ တရားအားထုတ်နေ ဆိုတာမျိုးကိုတော့ ၁၀၀ရာခိုင်နှုန်းပြည့် လက်မခံနိုင်ပါ။ အဲ့လိုနေမှ ဝိနည်းနဲ့အညီနေတယ်လို့ တလွဲပြောနေကြတာမျိုးတွေကိုလည်း လက်မခံနိုင်ပါ။
သာသနာ၏ အစကို ပြန်ကြည့်ကြပါစို့။ မြတ်စွာဘုရားသည် ရဟန်းတော်များကို ဘယ်လိုမိန်ခဲ့သလဲ ဆိုတော့ "စရထ ဘိက္ခဝေ၊ စာရိကံ ဗဟုဇနဟိတာယ ဗဟုဇနသုခါယ လောကာနု ကမ္ပာယ အတ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿာနံ….." လို့ ဟောတော်မူခဲ့ပါတယ်။ အဓိပ္ပါယ်က "ရဟန်းတို့ များစွာသော လူတို့၏အကျိုးငှါ များစွာသောလူတို့၏ ချမ်းသာခြင်းအကျိုးငှါ လောကကိုစောင့်ရှောက်ရန်အလို့ငှါ နတ်လူတို့၏ အကျိုးစီးပွားချမ်းသာ အလို့ငှါ ခရီးထွက်ကြကုန်လော့" ဟူ၍ ဖြစ်ပါသည်။
တကယ်လို့သာ မြတ်စွာဘုရားရှင်သည် ရဟန်းတွေကို ခရီးမထွက်စေဘဲ ကွကို စိတ်အေးချမ်းသာရာ နေရာမှာ တောထဲမှာပဲ ဖြစ်ဖြစ်နေစေချင်တယ်ဆိုရင် ထိုကဲ့သို့ မိန့်လိမ့်မည် မဟုတ်ပေ။
မြတ်စွာဘုရားသည် သာသနာတော်ကို ကမ္ဘာမြေအနှံ့ ပျံနှံ့စေလို၍သာ ရဟန်းတော်များကို ခရီးထွက်စေ၍ တရားဓမ္မများကို လှည့်လည်ဟောကြားစေခြင်း ဖြစ်ပါသည်။
အခုခေတ် အနေအထားသည် ဟိုးနှစ်ပေါင်း နှစ်ထောင်ကျော်က မြတ်စွာဘုရား မိန့်ဆိုတော် မူခဲ့သည့် စကားရပ်နှင့် အံဝင်ကွင်ကျ ဖြစ်နေပါပြီ။ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင် ရာခိုင်နှုန်း ၈၀ ကျော် ရှိသော်လည်းပဲ၊ အများစုမှာ မိရိုးဖလာများသာ ဖြစ်ကြပြီး ဘာသာ၊ သာသနာအကြောင်းကို ထဲထဲဝင်ဝင် မသိကြပေ။ ရွာတိုင်းရွာတိုင်း လိုလိုပင် ဘုန်းကြီးကျောင်းကို ပုံမှန်သွားသော ဗုဒ္ဓဘာသာဝင် ဦးရေမှာ ငါးပုံ ပုံ တစ်ပုံလောက်သာ ရှိသည်။ ရွာလုံးကျွတ်သွားသော အချိန်တော့ရှိသည်။ ထိုအချိန်သည် အကုသိုလ်များ စုဝေးရာ ဘုရားပွဲများ ကျင်းပရာ အချိန်ပင် ဖြစ်ပါသည်။ ကျန်အချိန်များတွင် ဘုန်းကြီးကျောင်းတွင် ဘုန်းကြီးအိုအိုနှင့် ကျောင်းအိုအို သာ ရှိပါသည်။ မိမိဝန်းကျင်မှာရှိသည့် ဗုဒ္ဓဘာသာအမည်ခံ တစ်ရာလောက်ကို ခေါ်ပြီး ဗုဒ္ဓဘာသာ၏ အနှစ်သာရက ဘာလဲဟု မေးကြည့်ပါ။ ထက်ဝက်ကျော်က မှန်အောင်ဖြေနိုင်လျှင်၊ သဘာဝကျအောင် ဖြေနိုင်လျှင် အဲ့ဒေသမှာ သာသနာတည်နေသေးသည်ဟု ပြော၍ရပါသေးသည်။ အခုခေတ်တွင် သာသနာဟုဆိုလိုက်လျှင် လူပိန်းတွေက စေတီကြီးတွေ၊ ကျောင်းကြီးတွေ၊ ဘုရားဆင်းထုကြီးတွေကိုသာ ပြေးမြင်တတ်ကြသည်။ တကယ်လက်တွေ့တွင် သာသနာသည် အဆောက်အအုံ မဟုတ်ပေ။ သာသနာသည် မြေတွင်မတည်ပေ။ သာသနာသည် ယုံကြည် ကျင့်ကြံသူတို့၏ နှလုံးသားတွင်သာ တည်နေပေသည်။ ယနေ့ခေတ်တွင် ဗုဒ္ဓဂါယာဟု လူတွေ သောက်သောက်လဲသွားနေသောနေရာသည် ဘုရားပုထိုးအဆောက်အအုံများစွာရှိနေသေးသော်လည်း သာသနာကွယ်သွားပြီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုနေရာ ထိုဒေသတွင် သာသနာ့အဆုံးအမတို့ကို လက်ခံကျင့်သုံးသူ မရှိတော့သောကြောင့်ပင် ဖြစ်သည်။
အဲ့တော့ ရဟန်းတော်များသည် ကျောင်းတွင်းမှာသာ ဝိနည်းတော်နှင့်အညီနေပြီး၊ လာပင့်မှ လိုက်မည်ဆိုပါက နှောင်နှစ်ပေါင်း များစွာမကြာမီပင် သာသနာကွယ်ဖို့ ရှိပေသည်။ အခုလည်း ကွယ်သင့်သလောက် ကွယ်နေပါပြီ။ လူပိန်းတွေက ခရီးသွားရင်း လမ်းတစ်လျှောက် လက်ညှိုးထိုးမလွဲ တောင်ပေါ်စေတီလေးတွေကိုကြည့်ပြီး သာသနာထွန်းကားလိုက်တာဟု ကြိမ်းဝါးနေကြသည်။ ထိုသူများကို အာဖကန်နစ္စတန်နှင့် ပါကစ္စတန် နိုင်ငံကြားတွင်ရှိသည့် ဗုဒ္ဓဘာသာထွန်းကားခဲ့သည့် တက္ကသီလာမြို့ဟောင်းသို့သာ ပို့ပေးလိုက်ချင်ပေသည်။ ထိုမြို့ဟောင်းတွင် ယနေ့ထိ တောင်တန်းတစ်လျှောက်တွင် ကျောင်းပြိုပြို၊ စေတီပြိုပြိုများ အများကြီး ရှိနေသေးသည်။ သို့သော် ထိုဒေသတွင် သာသနာမရှိတော့ပေ။ ထိုဒေသသား အားလုံးသည် အစ္စလာမ်ဘာသာဝင်များ ဖြစ်ကုန်ကြပြီး ထိုစေတီအို၊ ကျောင်းအိုများမှ အုတ်ခဲများကိုပင် အိမ်ဆောက်ရန် ဖြိုဖျက်ယူနေကြလေသည်။
အာ့တော့ အခုခေတ်အနေအထားအရ မိမိကျောင်းတိုက်ထဲတွင် မိမိဖာသာ ဝိနည်းနဲ့အညီ နေမည်ဆိုရုံမျှပင် သာသာနာကို မစောင့်ရှောက်နိုင်တော့ပေ။ လူ့ဒကာတွေ ကျောင်းမလာတော့သည့်အခါတွင် ရဟန်းတော်များက လူ့ဒကာတွေနားသွားကာ တရားဓမ္မများကို ဟောပြောပြသ ကြရပေမည်။ ထိုသို့မလုပ်လျှင် လူ့ဒကာများတွင် သာသနာအသိ ကွယ်ဖို့ရန်သာ ရှိပေတော့သည်။ အခုလည်း တော်တော်များများ သာသနာအသိ ကွယ်နေကြပါသည်။ ကလေးငယ်များမပြောနှင့် အချို့လူကြီးများပင် ရဟန်းတော်များနှင့် မပြောတတ်၊ မဆိုတတ်။ မနေတတ်၊ မထိုင်တတ် ဖြစ်နေကြသည်မျိုးတွေ တွေ့နေရပါပြီ။ ဤသည်မှာ သာသနာနှင့် လူ့ဒကာတို့ တဖြည်းဖြည်း ကွာဟ လာခြင်းကို သက်သေ သာဓက ပြနေခြင်းပင် ဖြစ်သည်။
ကျောင်းထိုင်ဘုန်းကြီးလုပ်သူများ ကျောင်းတွင်း နေမည့် ရဟန်းမရှိပါပဲ ကျောင်းတိုက်တွေ သူအပြိုင် ငါအပြိုင် ဆောက်နေကြမယ့်အစား ဗုဒ္ဓဘာသာ ကလေးငယ်တွေကို ဘုန်းကြီးကျောင်းဆီ လာချင်အောင် ဆွဲဆောင်ရာတွင် ထိုဝတ္ထုများကို သုံးစွဲသင့်လှပါသည်။
သို့သော် အခုခေတ်မှာ ကျောင်းသားတွေ ငါးရာ ခြောက်ရာလောက်နှင့် ကြပ်ကြပ်တည်းတည်း ပရဟိတလည်းလုပ်၊ သာသနာအသိလည်း ထည့်ပေးနေသည့် ဘုန်းတော်ကြီးကျောင်း၊ ကျောင်းထိုင်ဘုန်းကြီးတွေမျိုးလည်း ရှိသလို၊ ကျောင်းတိုက်အတွင်း တစ်ပါးတည်းသာ နေချင်၍ ဘယ်ရဟန်း၊ ကိုရင်ကိုမျှလက်မခံသည့် ကျောင်းတိုက်ကြီးမျိုးတွေလည်း များစွာရှိနေပါသည်။
ဘုန်းကြီးကျောင်းမို့လို့ ကျောင်းသား လက်မခံချင်ဘူးဆိုကာ လက်မခံဘဲနေက လက်ခံ၍ ရသေးသော်လည်း ရဟန်းလက်မခံ၊ ကိုရင်လက်မခံ ဆိုတာမျိုးကတော့ မဖြစ်သင့်ပေ။ ကျောင်းကြီးကြီးတွင် တစ်ပါးတည်း နေကာ၊ Sky Net လေးချိတ်ပြီး တစ်ပါးတည်း ဘောလုံးပွဲထိုင်ကြည့်နေသော ကျောင်းထိုင်ဘုန်းကြီးမျိုးတွေ ကျုပ်တို့ မြန်မာနိုင်ငံတွင် များစွာရှိသည်။ ဤသူတို့မှာ သာသနာ့ဝန်ထမ်းများ မဟုတ်၊ သာသနာ့ဝန်စီး များသာ ဖြစ်ကြ၏။
နှစ်စဉ် နှစ်စဉ် တောင်ပေါ်ဒေသကနေ စစ်ဘေးကြောင့် မိဘမဲ့ ဖြစ်သွားရသော ကလေးငယ်များကို မြေပြန့်ဒေသ ရန်ကုန်နှင့် မန္တလေးတို့ရှိ မိဘမဲ့ဂေဟာ၊ မိဘမဲ့ ဘကကျောင်းများသို့ လာရောက်ပို့ဆောင်ခြင်း များ များစွာရှိသည်။ ကြားရသည်မှာ ဗုဒ္ဓဘာသာကလေးငယ်များအား ဗုဒ္ဓဘာသာဂေဟာများနှင့် ဘုန်းကြီးကျောင်းများသို့ အရင်ပို့ဆောင်ပေးရာ ကျောင်းပေါင်းများစွာရှိသော ရန်ကုန်မြို့ကြီးရှိ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများသည် မျှတအောင် လက်မခံနိုင်ကြသဖြင့် ခရစ်ယာန်ဂေဟာများသို့သာ ပို့ဆောင်ကြရသည် ဟူ၏။ ခရစ်ယာန်ဂေဟာများက လာသလောက် လက်ခံသည် ဟူ၏။ ဤသို့ဖြင့် ဗုဒ္ဓဘာသာ ကလေးငယ်များ ဘာသာခြားဖြစ်သွားရသည်မှာ ရေ၍ပင် မနိုင်တော့။ ကျောင်းထိုင်ဘုန်းကြီးအများစုသည် ဆိုင်ရာဆိုင်ရာကျောင်းများတွင် မိမိတို့၏ ဆွေမကင်း၊ မျိုးမကင်းများကိုသာ လက်သင့်ခံထားကြ၏။ အခြား ဆွေမစပ် မျိုးမစပ်ဆိုပါက လက်မခံချင်ကြပေ။
နားလည်သော သဘောပေါက်သော ကျောင်းထိုင်ဘုန်းကြီးများက ပရဟိတအမည်ခံကာ သာသနာအသိထည့်ပေးနေချိန် ဘေးထိုင်ဘုပြော လူ့ဒကာများကလည်း အကြောင်းအမျိုးမျိုး ရှာကာ ရှုံ့ချကြ၏။ ဘာမှမလုပ်ပဲ ကျောင်းထဲ ဒူးလေးတနှံနှံနဲ့ ဘောလုံးပွဲကြည့်နေသည့် ကျောင်းထိုင်ဘုန်းကြီးများကိုကျတော့ ဘာမှမပြောကြ။
ကျုပ်ကိုယ်တိုင်ပင် ဘုန်းကြီးကျောင်းသားဖြစ်၏။ အကယ်၍သာ ကျုပ်သည် ဘုန်းကြီးကျောင်းသား မဖြစ်ခဲ့မူ ယခုကဲ့သို့ သာသနာအသိ ရှိလိမ့်မည် မဟုတ်ပေ။ ကျုပ်အနေဖြင့် ရဟန်းတော်များသည် မိမိကိုယ်တိုင်လည်း ကောင်းအောင်ကျင့်ရမည် ဖြစ်သလို တစ်ပါးသူတို့ကိုလည်း ကောင်းအောင် ကျင့်တတ်အောင်၊ ကောင်းသောအရာများကို တန်ဖိုးထားတတ်အောင် သင်ကြားပြသပေးရမည် ဟု ခံယူထားပါသည်။ ထိုသို့ သင်ကြားပြသပေးရာတွင် ကျောင်းကိုလာမှ သင်ပေးမည်၊ ဟောပေးမည်၊ ပြောပေးမည်ဟု မဟုတ်ဘဲ "သူမလာရင် ကိုယ်သွားဟောမည်" ဆိုသည့် စိတ်ဓာတ်မျိုးဖြင့် ဟောကြ၊ ပြောကြမှသာလျှင် ယနေ့ခေတ်တွင် သာသနာ ရေရှည်ရပ်တည်နိုင်မည်ဟု မြင်မိပါသည်။ ထိုသို့မဟုတ်ဘဲ ကွကို ကျောင်းထဲမှာသာနေမယ်၊ "သူလာမှ ဟောမယ်၊ သူမလာရင် မဟောဘူး" ပုံစံမျိုးဖြင့် နေမည်ဆိုပါက ယနေ့ခေတ် ရုပ်ဝတ္ထုများ ပေါ်များသည့်ခေတ်တွင် သာသနာတည်တံ့ဖို့ရန်သည် ရေရှည်တွင် မဖြစ်နိုင်ပေ။
တောင်ကိုးရီယားနိုင်ငံကိုပင် သာဓက ယူသင့်ပါသည်။ တောင်ကိုးရီးယားတွင် အမေရိကန် အခြေမချခင်က ဗုဒ္ဓဘာသာဝင်အများစု ဖြစ်ခဲ့သည်။ သို့သော် ယခုချိန်တွင် ခရစ်ယာန်အများဆုံး ဖြစ်နေပေပြီ။ တောင်ကိုးရီးယား ဗုဒ္ဓဘာသာဘုန်းတော်ကြီးများသည် "သူလာမှ ငါဟောမည်" ပုံစံမျိုးဖြင့် နေခဲ့ကြသဖြင့် သာသနာသည် တဖြည်းဖြည်း ယုံကြည်ကိုးကွယ်သူ နည်းသွားပြီး "သူမလာလည်း ငါသွားဟောမည်" ဟု ခံယူထားသည့် ခရစ်ယာန်ဘာသာ တရားဟော ဆရာများ၏ ခံယူချက်ကြောင့် ကိုးရီးယားတွင် ခရစ်ယာန်ဘာသာ တဖြည်းဖြည်း တိုးပွားလာခဲ့ခြင်းပင် ဖြစ်သည်။
သို့ဖြစ်၍ ယနေ့ခေတ် အခြေအနေအရ "သူမလာလည်း ငါသွားဟောမည်" ဆိုသည့် ပုံစံမျိုးကို ကျင့်သုံးမှသာလျှင် သာသနာ ရေရှည်တည်တံ့နိုင်ပါမည်။ ရဟန်းတော်များ ထိုကဲ့သို့ ခံယူချက်မျိုးထားပြီး သာသနာအသိ ထည့်ပေးနေကြသည်များကိုလည်း နိုင်ငံရေးမှိုင်းမိ၍သော်၎င်း၊ ဘာသာရေးမှိုင်းမိ၍သော်၎င်း ဝိနည်းနှင့်မညီဘူးဟု ပြောဆိုနေကြသည့် မတောက်တခေါက် လူပုဂ္ဂိုလ်များ ရှိပါက မိမိတို့၏ ဝေဖန်ချက်ကို ပြန်လည် ဆန်းစစ်စေလိုပါသည်။
အကယ်၍ အထက်ပါ ကျွန်တော့်၏ ရေးသားချက်များသည် မဖြစ်နိုင်ဘဲ ရဟန်းများသည် "သူလာမှ ဟောရမည်၊ သူပင်မှ သွားဟောရမည်"့ နည်းများကသာ ပိုမိုကောင်းမွန်ပါကြောင်း သက်သေအထောက်အထား သာဓက အစုံဖြင့် ယနေ့ခေတ်အနေအထားနှင့် ကိုက်ညီစွာ ပြနိုင်လျှင် ဤ post ကိုဖျက်၍ ကျွန်တော်မှားကြောင်း ဝန်ခံပါ့မည်။

No comments:
Post a Comment