ဝိဘတ် နှင့် ဝုစ်
Case and Number
ပုရိသ သဒ္ဒါသည် ယောက်ျား ဟူသော အနက်ကို ဟော၏။ ယောက်ျားသည် သွား၏။ ယောက်ျားကို ခေါ်ချေ စသည်ဖြင့် ဆိုလိုသောအခါ နေရာတိုင်းမှာပင် ထို ပုရိသ သဒ္ဒါအတိုင်းချည်း အသုံးပြု၍ မဖြစ်နိုင်၊ ထိုထို အနက်တို့ကို ဟောပြနိုင်အောင် ထို ပုရိသ သဒ္ဒါ၏ အဆုံးကို ပြုပြင်ပေးရလေသည်။ ယင်းသို့ ဝေဘန်သော အားဖြင့် ပြုပြင်၍ ပေးရသော အဆုံး အဆက်ကို ဝိဘတ်ဟု ခေါ်သည်။
ပါဠိဘာသာတွင် နာမ်ဝိဘတ်ခုနှစ်ပါးရှိ၏။ ခုနှစ်ပါးကား -
| ၁။ | ပဌမာ | ဝိဘတ် | Nominative | Case |
| ၂။ | ဒုတိယာ | ဝိဘတ် | Accusative | Case |
| ၃။ | တတိယာ | ဝိဘတ် | Instrumental | Case |
| ၄။ | စတုတ္ထီ | ဝိဘတ် | Dative | Case |
| ၅။ | ပဉ္စမီ | ဝိဘတ် | Ablative | Case |
| ၆။ | ဆဋ္ဌီ | ဝိဘတ် | Genitive | Case |
| ၇။ | သတ္တမီ | ဝိဘတ် | Locative | Case |
ဟူသော ဤ ခုနှစ်ပါးတည်း။
ပါဠိဘာသာတွင် အာလုတ် (Vocative) သည် သီးခြား ဝိဘတ်တစ်ခုမဟုတ်၊ ပဌမာဝိဘတ်၏ အထူးပင် ဖြစ်သည်။
ပဌမာ ဟူသော ပုဒ်၏ အနက်မှာ ရှေးဦး ဟု ဆိုလို၏။ ဒုတိယာ-နှစ်ခုမြောက် စသည်ဖြင့် သတ္တမီ ဝိဘတ် အထိ သိလေ။
ထို ဝိဘတ် ခုနှစ်ပါးတွင် ဧကဝုစ်၊ ဗဟုဝုစ် အားဖြင့် ဝုစ် နှစ်ပါးစီ ရှိ၏။
သတ္တဝါ သို့မဟုတ် အရာဝတ္ထု တစ်ခုကို ဆိုလိုလျှင် ဧကဝုစ်၊ တစ်ခုထက် ပို၍ ဆိုလိုလျှင် ဗဟုဝုစ် ဝိဘတ်ကို အသုံးပြုရမည်။
ပဒမာလာ စဉ်ပုံ
Declension
နာမ်ပုဒ်တို့ကို ပဒမာလာ စဉ်ရာတွင် ပုလ္လိင် ရုပ်သွား တစ်မျိုး၊ ဣတ္ထိလိင် ရုပ်သွား တစ်မျိုး၊ နပုလ္လိင် ရုပ်သွား တစ်မျိုး ပဒမာလာ စဉ်ရလေသည်။
ပုလ္လိင်တွင်လည်း အကာရန္တ (အ-အက္ခရာ အဆုံးရှိသော) သဒ္ဒါများကို ရုပ်သွားတစ်မျိုး၊ ဣကာရန္တ (ဣ-အက္ခရာ အဆုံးရှိသော) သဒ္ဒါများ ရုပ်သွားတစ်မျိုး စသည်ဖြင့် ပဒမာလာ စဉ်ရလေသည်။ အန္တချာင်း တူနေစေကာမူ ပဒမာလာအားဖြင့် ရံခါ မတူဘဲ ရှိလေသည်။
ပုရိသ သဒ္ဒါ၏ အဆုံး သ-အက္ခရာတွင် ရှိသော သရ-ကား အ-အက္ခရာပေတည်း။ ထို့ကြောင့် ၄င်းကို အကာရန္တ သဒ္ဒါဟု ဆိုရသည်။ ဣကာရန္တ စသည် တို့ကိုလည်း ဤနည်းအတိုင်း သိလေ။ တံခွန်လွှားနှင့် သဒ္ဒါတို့မူကား ပါဠိဘာသာတွင် မထင်ရှားကြကုန်။
အကာရန္တ
ပုရိသ သဒ္ဒါ ပဒမာလာစဉ်ပုံ
| စဉ် | ဝိဘတ် | ဧကဝုစ် | ဗဟုဝုစ် |
| ၁။ | ပဌမာ | ပုရိသော | ပုရိသာ |
| အာလုတ် | (ဘော)ပုရိသ၊ ပုရိသာ | (ဘောန္တော)ပုရိသာ | |
| ၂။ | ဒုတိယာ | ပုရိသံ | ပုရိသေ |
| ၃။ | တတိယာ | (ကတ္တား)ပုရိသေန | ပုရိသေဟိ၊ ပုရိသေဘိ |
| (ကရိုဏ်း)ပုရိသေန | ပုရိသေဟိ၊ ပုရိသေဘိ | ||
| ၄။ | စတုတ္ထီ | ပုရိသဿ | ပုရိသာနံ |
| ၅။ | ပဉ္စမီ | ပုရိသာ၊ ပုရိသမှာ၊ ပုရိသသ္မာ | ပုရိသေဟိ၊ ပုရိသေဘိ |
| ၆။ | ဆဋ္ဌီ | ပုရိသဿ | ပုရိသာနံ |
| ၇။ | သတ္တမီ | ပုရိသေ၊ ပုရိသမှိ၊ ပုရိသသ္မိံ | ပုရိသေသု |
ပုရိသ သဒ္ဒါနောက် သက်ထားသော ဝိဘတ် အစိတ်အပိုင်းများ
အစိတ်အပိုင်းများ
| စဉ် | ဝိဘတ် | ဧကဝုစ် | ဗဟုဝုစ် |
| ၁။ | ပဌမာ | သြ | အာ |
| အာလုတ် | အ၊ အာ | အာ | |
| ၂။ | ဒုတိယာ | အံ | ဧ |
| ၃။ | တတိယာ | ဧန | ဧဟိ၊ ဧဘိ |
| ဧန | ဧဟိ၊ ဧဘိ | ||
| ၄။ | စတုတ္ထီ | ဿ | အာနံ |
| ၅။ | ပဉ္စမီ | အာ၊ မှာ၊ သ္မာ | ဧဟိ၊ ဧဘိ |
| ၆။ | ဆဋ္ဌီ | ဿ | အာနံ |
| ၇။ | သတ္တမီ | ဧ၊ မှိ၊ သ္မိံ | ဧသု |
ပုရိသ သဒ္ဒါ၏ ဝိဘတ်ခုနှစ်သွယ်တွင်
မြန်မာအနက်များ
| စဉ် | ဝိဘတ် | ဧကဝုစ် | ဗဟုဝုစ် |
| ၁။ | ပဌမာ | ယောက်ျားသည် | ယောက်ျားတို့သည် |
| အာလုတ် | (အို) ယောက်ျား | (အို) ယောက်ျားတို့ | |
| ၂။ | ဒုတိယာ(ကံ) | ယောက်ျားကို | ယောက်ျားတို့ကို |
| ၃။ | တတိယာ | (ကတ္တား)ယောက်ျားသည် | ယောက်ျားတို့သည် |
| (ကရိုဏ်း)ယောက်ျားဖြင့် | ယောက်ျားတို့ဖြင့် | ||
| ၄။ | စတုတ္ထီ(သမ္ပဒါန်) | ယောက်ျားအား | ယောက်ျားတို့အား |
| ၅။ | ပဉ္စမီ(အပါဒါန်) | ယောက်ျားမှ | ယောက်ျားတို့မှ |
| ၆။ | ဆဋ္ဌီ(သမ္ဗန်) | ယောက်ျား၏ | ယောက်ျားတို့၏ |
| ၇။ | သတ္တမီ(သြကာသ) | ယောက်ျား၌ | ယောက်ျားတို့၌ |
Credit & Reference -
တက္ကသိုလ်ပါဠိသဒ္ဒါ (ဆရာကြီး ဦးမြင့်ဆွေ)

No comments:
Post a Comment