ရက်တို ဒုလ္လဘရဟန်းခံမည့်သူများ သိမှတ်ရန်။ အပိုင်း(၁)
(မအားလပ်သည့်ကြားမှ ရဟန်းဝတ်ကြမည့်သူများ အကုသိုလ်မဖြစ်စေရန်နှင့် စင်စင်ကြယ်ကြယ်ကုသိုလ် ရရှိစေရန်သာရည်ရွယ်ပါသည်။)
နေ့စဉ်ကြုံတွေ့ရမည့် ဆောင်ရန် ရှောင်ရန်များကို လိုရင်း တိုရှင်းသာ ရေးသားပါမည်။ အကျယ်သိလိုပါက နီးစပ်ရာဆရာသမားများထံချည်းကပ်၍ လေ့လာနိုင်ကြပါသည်။
(၂၂၇)သွယ်သော သိက္ခာပုဒ် အကျဉ်း(မြန်မာပြန်)ကို ဝိနည်း Group တွင် အကြိမ်ကြိမ် တင်ပြထားကြပါသဖြင့် ထည့်မရေးတော့ပါ။
ရဟန်းဆိုတာ
ကြည်ညိုဖွယ်ဆောင်အောင်နေရမည်ဖြစ်ပါသဖြင့်
လူလိုမနေရ၊ လူလိုမပြောရ၊ လူလိုမစားရပါ။
လူလိုမနေရ၊ လူလိုမပြောရ၊ လူလိုမစားရပါ။
ဝိနည်းတော်အရ ကိုယ်အမူအရာ နှုတ်အမူအရာကို အထူးစောင့်ထိန်းရမည်ဖြစ်ပါသဖြင့် လူဘဝတုန်းက အမူအကျင့်မှန်သမျှကို "သတိ"ထားရပါမည်။ နှုတ်မှလည်း တရားနှင့်မသက်ဆိုင်သော စကားမျိုးကို မပြောမိအောင် အထူးဂရုစိုက်နေထိုင်နိုင်လျှင် လွန်စွာအကျိုးများပါမည်။ (ထိုသို့ "သတိ"ပြုနေထိုင်ပါက သိက္ခာပုဒ် တော်တော်များများကို အလိုလို စောင့်ထိန်းပြီးသားဖြစ်နေပါလိမ့်မည်။)
အထူးဆင်ခြင်စောင့်ထိန်းရမည့်
ပါရာဇိက (၄)ပါးနှင့် ဆက်နွယ်၍ အထူးသတိထားစရာများ
၁။ မေထုန်မမှီဝဲရပါ။
(လူ့ဘဝတွင် အိမ်ထောင်ရှိခဲ့ဖူးသူများဖြစ်ပါက ရဟန်းဝတ်နေချိန်တွင် နီးနီးကပ်ကပ်မနေသင့်ပါ။ သူစိမ်းလို နေသည်ကသာ ရဟန်းတော်များအဖို့ သင့်တော်မည်ဖြစ်ပါသဖြင့် ရဟန်းမဝတ်မီကတည်းက ဇနီးမယားအား နားလည်သဘောပေါက်အောင် ပြောပြထားသင့်ပါသည်။)
လူအမြင်ကွယ်ရာ အခန်းများ၊ အကြားကွယ်ရာနေရာများတွင်လည်း မာတုဂါမနှင့် နှစ်ဦးတည်းမနေရပါ။
၂။ သူတစ်ပါးဥစ္စာမခိုးရပါ။
ရဟန်းသည် မိမိနှင့် မသက်ဆိုင်သောပစ္စည်းဆိုလျှင် မြွေပွေး၊ မြွေဟောက်ကဲ့သို့ သဘောထားရမည်ဖြစ်ပါသဖြင့် တန်ဖိုးကြီးသော အခြားသူများ၏ ခေတ်မီ အသုံးအဆောင်ပစ္စည်းများကို မကိုင်မိ မသုံးမိအောင် အထူးသတိထားရပါမည်။ (IPhone, IPad, Phone, Tablet, နှင့် အခြား Electronic ပစ္စည်းများ။)
၃။ လူအသက် မသတ်ရပါ။
နိုင်ငံရေးအခြေအနေအရ ဘာသာခြားများနှင့် ပဋိပက္ခမျိုးစုံဖြစ်ပေါ်နေကြသည့်အတွက် မခံချင်စိတ်ဖြင့် စိတ်မထိန်းနိုင်ပဲ သေဒဏ်ပေးသည့် ကိစ္စရပ်များကို ဝမ်းမြောက်ဝမ်းသာ တိုက်တွန်းခြင်းမျိုး သဘောတူသလိုမျိုးမဖြစ်အောင် အထူးသတိထားရပါမည်။
၎။ ဝါကြွားလိုသောစိတ်ဖြင့် ဈာန်/မဂ်ဖိုလ် မရဘဲ ရသည်ဟု လိမ်ညာမပြောရပါ။
(တရားဆွေးနွေးကြသည့်အခါမျိုးတွင် အထူးသတိထားကြပါ။)
၁။ သုက်လွှတ်ခြင်းကိစ္စ မပြုမိအောင် အထူးဆင်ခြင်ပါ။ ယခင် ရဟန်းဝတ်ခဲ့စဉ်က သုက်လွှတ်မိခဲ့လျှင် ယခုအကြိမ် ရဟန်းဖြစ်ပြီးသည့်နောက် ဥပဇ္ဈာယ်ဆရာ(သို့မဟုတ်) အခြားရဟန်းတစ်ပါးပါးထံ လျှောက်ထားပြီး ဒေသနာကြားပါ။ နောင်အခါ ရက်ရှည်ဝတ်နိုင်လျှင် ထိုအပြစ်မှ စင်ကြယ်အောင် ပရိဝါသ်ဆောက်မည်၊ မာနတ်ဆောက်တည်ပါမည်ဟု နှလုံးသွင်းထားပါ။
၂။ မာတုဂါမများကို မထိမိ မကိုင်မိအောင် နေရပါမည်။
(လူ့ဘဝတုန်းက သမီးမွေးထားသူများ သတိထားပါ။)
၃။ ဆဲရေးတိုင်းထွာခြင်းများမပြုမိအောင်လည်း အထူးဆင်ခြင်ပါ။
(ဆက်လက်ဖော်ပြပါမည်။)

No comments:
Post a Comment