~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရှေးအခါ ကျားသစ်တို့က ဆိတ်ကို စားကြ၍ ဆိတ်များက ကျားသစ်ကို မြင်လျှင် ထွက်ပြေးကြရသော်လည်း ကောသလမင်းကြီး၏ အိပ်မက်ထဲတွင် ဆိတ်တို့ကသာ ကျားသစ်ကို စားကြ၍ ဆိတ်ကိုမြင်လျင် ကျားသစ်တို့ ထွက်ပြေးကာ ပုန်းအောင်နေရ၏။
ထို့အတူပင် အနာဂတ်သာသနာဝယ် ပါပဘိက္ခုခေါ် ရဟန်းယုတ်တို့သည် သီလကို ချစ်မြတ်နိုးသူတို့ကို စိတ်တိုင်းကျ နှိပ်စက်ကြလိမ့်မည်။ (အနိုင်ကျင့်ကြလိမ့်မည်)
သီလကို ချစ်မြတ်နိုးသော ရဟန်းများ အားကိုးရာ မရှိသည့်အတွက် တောထဲဝင်၍ ပုန်းခိုနေကြရလိမ့်၏။
ဟူ၍ ဇာတကအဋ္ဌကထာ၊ ၁၊ ၃၆၃ တွင် မိန့်ဆိုထား၏။
လောကကြီး၌ အဖြစ်အပျက် အချို့က ပြောင်းပြန်ဖြစ်သွားတတ်၏။
အမှန်စင်စစ်အားဖြင့် သာသနာဟူသည် ဓမ္မဝါဒီပုဂ္ဂိုလ်တို့၏ သာသနာဖြစ်၏။ အဓမ္မဝါဒီတို့နှင့် သာသနာဟူသည် မသက်ဆိုင်။
ဓမ္မဝါဒီပုဂ္ဂိုလ်တို့က အိမ်ရှင်ဖြစ်၍ အဓမ္မဝါဒီတို့က ဧသည်မျှသာ ဖြစ်၏။
သို့ဖြစ်၍ အဓမ္မဝါဒီတို့က ဓမ္မဝါဒီတို့ကို သူခိုး လူမိမည်ကို ကြောက်နေရသကဲ့သို့ပင်။ ကြောက်နေရမည် ဖြစ်၏။
သို့သော်လည်း ခေတ်အခြေအနေက အလဇ္ဇီဒုဿီလတို့ကို လဇ္ဇီမွန် သူတော်မြတ်တို့က ပြန်၍ ကြောက်နေရ၏။
ဗုဒ္ဓဟောကြားခဲ့သော ဓမ္မဝိနယသည် ထင်ရှားရှိနေ၍ ဓမ္မဝါဒီများ အားကောင်းလျှင် အဓမ္မဝါဒီများ မလှုပ်ရဲ။
ဓမ္မဝိနယကို မျက်ကွယ်ပြု၍ အဓမ္မဝါဒီများ ခေါင်းထောင်နေကြလျင်လည်း ဓမ္မဝါဒီများ ငြိမ်နေရသည့် အဖြစ်။
အချို့သော အရပ်ဒေသတို့တွင် စာသင်တိုက် ဖွင့်ရန် ပိတ်ပင် ခံရသော ခေတ်၊
တရားစခန်းဖွင့်သည်ကို နယ်ချဲ့ သည် ဟု ယူဆကာ ပိတ်ပင်ခံရသော ခေတ်၊
သိမ်သမုတ်သည်ကို ဆန္ဒမပေး ကန့်ကွက်သည့် ခေတ်၊
တောရဆောက်တည်လိုသူများ ကြွလာလျင် ရွာထဲ ဆွမ်းမလောင်းကြရန် တားမြစ်သောခေတ်၊
အဓမ္မဝါဒမှန်း သိသော်လည်း နောက်ခံ background ကောင်းသည် ဟုဆိုကာ အရေးမယူနိုင်သည့် ခေတ်။
အဓမ္မဝါဒ ဟု သိသော်လည်း တိုင်ကြားမည့် ပုဂ္ဂိုလ်မရှိ ဟု ဆိုကာ လက်ပိုက်ကြည့်နေသော ခေတ်။
ယနေ့ခေတ် ပါပဘိက္ခုခေါ် ရဟန်းယုတ်များ ပေါ်ထွက်နေပြီလား?
သီလကို ချစ်မြတ်နိုးသော ရဟန်းများကို နှိပ်စက်နေကြ ပြီလား?
သီလကို ချစ်မြတ်နိုးသော ရဟန်းများ အားကိုးရာမဲ့၍ တောထဲ နေကြရပြီလား?
( ပါပဘိက္ခူပိ ပေသလေ ဘိက္ခူ ယထာရုစိ ဝိဟေဌေဿန္တိ, တေ ပေသလာ ဘိက္ခူ ပဋိသရဏံ အလဘမာနာ အရညံ ပဝိသိတွာ ဂဟနဋ္ဌာနေသု နိလီယိဿန္တိ။ )

No comments:
Post a Comment