Tuesday, March 26, 2019

ရက်တို ဒုလ္လဘရဟန်းခံမည့်သူများ သိမှတ်ရန်။ အပိုင်း (၁)+(၂)+(၃)

ရက်တို ဒုလ္လဘရဟန်းခံမည့်သူများ သိမှတ်ရန်။
အပိုင်း (၁)+(၂)+(၃)
(မအားလပ်သည့်ကြားမှ ရဟန်းဝတ်ကြမည့်သူများ အကုသိုလ်မဖြစ်စေရန်နှင့် စင်စင်ကြယ်ကြယ်ကုသိုလ်ရရှိစေရန်သာရည်ရွယ်ပါသည်။)
အပျော်သဘော အပျင်းပြေ ရဟန်းဝတ်ခြင်းမျိုး မဖြစ်ကြပါစေနှင့်
ရဟန်းဝတ်ရက် အရေအတွက်ထက် (၁)ရက်ပဲဝတ်ဝတ် (၁)ပတ်ပဲဝတ်ဝတ် အကျိုးရှိစေချင်၍ ရေးခြင်းဖြစ်ပါသည်။
မိမိ​လေ့လာမထား​သော မိမိမသိ​သေး​သော ဝိနည်းစည်းကမ်းများကို သတိ​ပေးစကား ​ပြောကြားသည့်​အခါ မည်​သည့်​ဆင်​​ခြေမှမ​ပေးဘဲ ရို​သေစွာမှတ်​သား လိုက်​နာတတ်​သူများအတွက်​ ရည်​ရွယ်​ပါသည်​။
အာပတ်တစ်ခုကို သိလျက်နှင့် လွန်ကျူး၍ ပြီးလျှင် ဒေသနာကြား အာပတ်ဖြေရင် ပျောက်ပါတယ်ဆိုတဲ့ စိတ်ဓာတ်မျိုးဖြင့် ဝိနည်းတော်ကို မရိုမသေ မချိုးဖောက်မိကြပါစေနှင့်။
(မီးခဲကိုကိုင်ပြီး အပူလောင်သွားရင် ဆေးပြန်ထည့်လို့ရပါတယ်ဆိုပြီး ကိုင်ကြမလား။)
(မစင်ကိုကိုင်ပြီး လက်ပြန်​ဆေးရင်ရပါတယ်ဆိုပြီး ခဏခဏ မစင်ကို သွားပြီးကိုင်ကြမလား။)
(မိမိဝတ်ထားတဲ့အဝတ် ပြဲသွားလည်း ပြန်ချုပ်လျှင် ရတာပဲဆိုပြီး ထိုင်ပြီးဖြဲနေကြမလား။)
သေသေချာချာ စဉ်းစားကြည့်ကြပါ။
သီလစင်ကြယ်အောင် ဆောက်တည် စောင့်ထိန်းပြီး မိမိသီလကိုပြန်လည်ဆင်ခြင်လို့ ပီတိဖြစ်ပြီး အဆင်မြင့်တဲ့ သမာဓိစခန်း ပညာစခန်းတွေကို အလွယ်တကူတက်လှမ်းပြီး ဒုက္ခချုပ်ရာနိဗ္ဗာန်ကို ရောက်ရှိသွားကြတဲ့ သက်သေသာဓကတွေ သာသနာတော်မှာ အများကြီး ရှိကြပါတယ်။
သိလျက်နှင့်လွန်ကျူးခဲ့မိလို့ အကြိမ်ကြိမ်ပြန်တွေးပြီး နောင်တတွေဖြင့်သာ ပူဆွေးနေရလို့ လိုရာပန်းတိုင်ကို မရောက်ရှိခဲ့ကြတဲ့ သာဓကတွေလည်း အများကြီးရှိကြပါတယ်။
နေ့စဉ်ကြုံတွေ့ရမည့် ဆောင်ရန် ရှောင်ရန်များကို လိုရင်း တိုရှင်းသာ ရေးသားပါမည်။ အကျယ်သိလိုပါက နီးစပ်ရာဆရာသမားများထံချည်းကပ်၍ လေ့လာနိုင်ကြပါသည်။
(၂၂၇)သွယ်သော သိက္ခာပုဒ် အကျဉ်း(မြန်မာပြန်)ကို ဝိနည်း Group တွင် အကြိမ်ကြိမ် တင်ပြထားကြပါသဖြင့် ထည့်မရေးတော့ပါ။
ရဟန်းဆိုတာ
ကြည်ညိုဖွယ်ဆောင်အောင်နေရမည်ဖြစ်ပါသဖြင့်
လူလိုမနေရ၊ လူလိုမပြောရ၊ လူလိုမစားရပါ။
ဝိနည်းတော်အရ ကိုယ်အမူအရာ နှုတ်အမူအရာကို အထူးစောင့်ထိန်းရမည်ဖြစ်ပါသဖြင့် လူဘဝတုန်းက အမူအကျင့်မှန်သမျှကို "သတိ"ထားရပါမည်။ နှုတ်မှလည်း တရားနှင့်မသက်ဆိုင်သော စကားမျိုးကို မပြောမိအောင် အထူးဂရုစိုက်နေထိုင်နိုင်လျှင် လွန်စွာအကျိုးများပါမည်။ (ထိုသို့ "သတိ"ပြုနေထိုင်ပါက သိက္ခာပုဒ် တော်တော်များများကို အလိုလို စောင့်ထိန်းပြီးသားဖြစ်နေပါလိမ့်မည်။)
အထူးဆင်ခြင်စောင့်ထိန်းရမည့်
ပါရာဇိက (၄)ပါးနှင့် ဆက်နွယ်၍ သတိထားစရာများ
၁။ မေထုန်မမှီဝဲရပါ။
(လူ့ဘဝတွင် အိမ်ထောင်ရှိခဲ့ဖူးသူများဖြစ်ပါက ရဟန်းဝတ်နေချိန်တွင် နီးနီးကပ်ကပ်မနေသင့်ပါ။ သူစိမ်းလို နေသည်ကသာ ရဟန်းတော်များအဖို့ သင့်တော်မည်ဖြစ်ပါသဖြင့် ရဟန်းမဝတ်မီကတည်းက ဇနီးမယားအား နားလည်သဘောပေါက်အောင် ပြောပြထားသင့်ပါသည်။
လူအမြင်ကွယ်ရာ အခန်းများ၊ အကြားကွယ်ရာနေရာများတွင်လည်း မာတုဂါမနှင့် နှစ်ဦးတည်းမနေရပါ။
၂။ သူတစ်ပါးဥစ္စာမခိုးရပါ။
ရဟန်းသည် မိမိနှင့် မသက်ဆိုင်သောပစ္စည်းဆိုလျှင် မြွေပွေး၊ မြွေဟောက်ကဲ့သို့ သဘောထားရမည်ဖြစ်ပါသဖြင့် တန်ဖိုးကြီးသော အခြားသူများ၏ ခေတ်မီ အသုံးအဆောင်ပစ္စည်းများကို မကိုင်မိ မသုံးမိအောင် အထူးသတိထားရပါမည်။ (IPhone, IPad, Tablet, နှင့် အခြား Electronic ပစ္စည်းများ။)
၃။ လူအသက် မသတ်ရပါ။
နိုင်ငံရေးအခြေအနေအရ ဘာသာခြားများနှင့် ပဋိပက္ခမျိုးစုံဖြစ်​​ပေါ်​နေခြင်း​ကြောင့်​​သော်​လည်း​ကောင်း၊ အဓမ္မပြုကျင့်​ကြသည့်​ ကိစ္စရပ်​များအတွက်​​သော်​လည်း​ကောင်း မခံချင်စိတ်ဖြင့် စိတ်မထိန်းနိုင်ဘဲ သေဒါဏ်ပေးသည့် ကိစ္စရပ်များကို ဝမ်းမြောက်ဝမ်းသာ တိုက်တွန်းခြင်းမျိုး သဘောတူသလိုမျိုးမဖြစ်အောင် အထူးသတိထားရပါမည်။
၎။ ဝါကြွားလိုသောစိတ်ဖြင့် ဈာန်/မဂ်ဖိုလ် မရဘဲ ရသည်ဟု လိမ်ညာမပြောရပါ။
(တရားဆွေးနွေးကြသည့်အခါမျိုးတွင် အထူးသတိထားကြပါ။)
ရဟန်းဝတ်​​နေစဉ်​ ကာလအတွင်း တရား​တော်​များနှင့်​မသက်​ဆိုင်​​သော ဝိနည်း​တော်​ကိစ္စများနှင့်​ မသက်​ဆိုင်​​သော Facebook Viber Messenger အသုံးပြုခြင်းမျိုး ဖုန်းစကား​ပြောခြင်းမျိုး မပြုလုပ်​သင့်​ပါ။
*** သုက်လွှတ်ခြင်းကိစ္စ မပြုမိအောင် အထူးဆင်ခြင်ပါ။ ယခင် ရဟန်းဝတ်ခဲ့စဉ်က သုက်လွှတ်မိခဲ့လျှင် ရဟန်းဖြစ်ပြီးသည့်နောက် ဥပဇ္ဈာယ်ဆရာ(သို့မဟုတ်) အခြားရဟန်းတစ်ပါးပါးထံ လျှောက်ထားပြီး ဒေသနာကြားပါ။ နောင်အခါ ရက်ရှည်ဝတ်နိုင်လျှင် ထိုအပြစ်မှ စင်ကြယ်အောင် ပရိဝါသ်ဆောက်မည်၊ မာနတ်ဆောက်တည်ပါမည်ဟု နှလုံးသွင်းထားပါ။
*** မာတုဂါမများကို မထိ မကိုင်မိအောင် နေရပါမည်။
(လူ့ဘဝတုန်းက သမီးမွေးထားသူများ သတိထားပါ။)
*** ဆဲရေးတိုင်းထွာခြင်းများမပြုမိအောင်လည်း အထူးဆင်ခြင်ပါ။
ရွှေ၊ ငွေကို မအပ်​​သောနည်းဖြင့်​ အလှူမခံပါနှင့် ကိုယ်တိုင်လည်း ကိုင်တွယ် သုံးစွဲခြင်းမျိုး မပြုမိပါစေနှင့်။
(ကပ္ပိယကာရကထံ စနစ်တကျ လျှောက်ထားအပ်နှံပုံကို သေသေချာချာ လေ့လာမှတ်သားပါ။ မိမိဆွေမျိုး မိတ်ဆွေများကို လူ့ဘဝကတည်းက ကြိုတင် သင်ပြပေးထားပါ။)
လူ့ဘဝမှာ အသုံးပြုနေကျ အသုံးအဆောင်ပစ္စည်းများကို သေချာစဉ်းစားပြီး လိုလေသေးမရှိအောင် စီစဉ်ထားပါ။
အလှူအတန်းဝါသနာသူများနှင့် ငွေကြေးတတ်နိုင်သည့် အချို့ပုဂ္ဂိုလ်များသည် ရဟန်းဖြစ်ပြီးကာမှ မိမိနေထိုင်သီတင်းသုံးသော ကျောင်း၏လိုအပ်ချက်များကို မြင်တွေ့လာ၍ မအပ်သောနည်းများဖြင့် စီစဉ်ညွှန်ကြားခြင်းမျိုး ရှိတတ်ကြပါသည်။ (ထို့ကြောင့် မဝတ်မီကတည်းက မိမိဝတ်မည့်ကျောင်း၏ လိုအပ်ချက်များကို ကြိုတင်လေ့လာပါ၊ လူ့ဘဝကတည်းက စီမံဆောင်ရွက်ပါ။ ထိုသို့ အချိန်မရပါက လူထွက်ပြီးချိန်မှ စိတ်ကြိုက်ဖြည့်ဆည်းလှူဒါန်းပါ။)
စားဖွယ် သောက်ဖွယ်မှန်သမျှ အကပ်ခံပြီးမှ ဘုဉ်းပေး သုံးဆောင်ပါ။ (ရေနှင့် ဒန်ပူမှလွဲ၍) ဒန်ပူ=တံပူ
ကာလိက (၄)မျိုးကို သေချာမှတ်သားပြီး သတ်မှတ်ကာလကျော်လွန်ပါက စွန့်ဖြစ်အောင်စွန့်ပါ။
(ဥပမာ။ ။ ယနေ့ အကပ်ခံပြီး မုန့် ခဲဖွယ်များကို နောက်တစ်နေ့တွင် မစားရပါ။ ထို့ကြောင့် မွန်းတည့်ချိန်ကျော်လျှင် စွန့်ပါ။ ယနေ့ အကပ်ခံပြီး အဖျော်ရည်များ နောက်တစ်နေ့ အရုဏ်တက်ချိန်တွင် စွန့်ပါ။ ထန်းလျက်၊ ပျားရည်၊ စတုမဓု အစရှိသော ဆေးပစ္စည်းများကို အကပ်ခံပြီးသည့်နေ့မှ (၇)ရက်ကျော်လျှင် စွန့်ပါ။)
ထို့ကြောင့် မုန့်၊ ခဲဖွယ်များကို မွန်းမတည့်မီအချိန်အတွင်းတွင်သာ ကုန်နိုင်သလောက် အကပ်ခံပါ။
* ရဟန်းသီလဆိုတာက လူသီလနှင့်မတူပါ။
လူ(ဥပုသ်သည်)တွေကတော့ ယနေ့စားဖွယ်ကိုမကုန်နိုင်လျှင် နောက်နေ့ ဆက်စားလို့ရပါသည်။
ရဟန်းများကတော့ စားဖွယ်သောက်ဖွယ်များ သိုမှီးသိမ်းဆည်းတဲ့အလုပ်ကို မလုပ်ရပါ။ (ကပ္ပိယများ၏ အလုပ်သာဖြစ်ပါသည်။)
အရုဏ်တက်ချိန်နှင့် မွန်းတည့်ချိန်ကို မှတ်သားဂရုစိုက်ပါ။
မိမိကိုယ်ပိုင် သပိတ်နှင့် သင်္ကန်းကို အထူးရိုသေစွာသုံးစွဲပါ။
သံဃိကပိုင်ပစ္စည်းများကို သုံးစွဲရာတွင် အထူးဂရုစိုက်၍ ရိုသေစွာဖြင့် အသုံးပြုပါ။
ပစ္စည်း(၄)ပါးသုံးစွဲရာ၌
နေ့စဉ် ပစ္စဝေက္ခဏာဆင်ခြင်၍ သုံးစွဲပါ။
နေ့စဉ်​ အလှူရှင်များအား မေတ္တာပို့ပါ။
အရေးကြီး အကြောင်းကိစ္စမရှိဘဲ မြို့ထဲ ရွာထဲသို့ (ကာလသားများ လျှောက်လည်ကြသလိုမျိုး) မသွားကြပါနှင့်​။
အရေးကြီး အကြောင်းကိစ္စရှိ၍ မြို့ထဲ ရွာထဲ သွားမည်ဆိုပါက သင်္ကန်းရုံ၍ သွားပါ။
နေကောင်းပါလျှင် ဖိနပ်မစီးဘဲ သွားပါ။
ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်းသည် ရဟန်းတော်တို့နှင့် မအပ်စပ်ပါ။ ကြည်ညိုဖွယ်ကိုလည်း မဆောင်ပါသဖြင့် ရဟန်းဝတ်နေစဉ်ကာလမှာတော့ ရှောင်ဖြစ်အောင် ကြိုးစားပြီးရှောင်ကြပါ။
သေခိယ (၇၅)ပါးကို အကြိမ်ကြိမ် ဖတ်ရှု မှတ်သားလိုက်နာပါ။
ဆွမ်းလုတ်ကို ကိုက်ဖြတ်၍ မစားရပါ။
ထို့ကြောင့် ဝိနည်းအလွန်လေးစားကြသော ဆရာတော်ကြီးများက
ဂျုံ(သို့မဟုတ်)ဆန်ဖြင့်ပြုလုပ်သော မုန့်မျိုးစုံကို ကိုက်ဖြတ်၍ မစားကြပါ။
မိမိပါးစပ်ဖြင့် အနေတော်ရုံလောက်ကို လက်ဖြင့်သော်လည်းကောင်း ဇွန်းဖြင့်သော်လည်းကောင်း ဖြတ်တောက်ပြီးမှ စားသောက်လေ့ရှိကြပါသည်။ အတုယူနိုင်ကြပါစေ။
ဥပမာ။ ပေါင်မုန့် ကိတ်မုန့် ကောက်ညှင်းထုပ် အစရှိသော မုန့်အမျိုးမျိုး။ မုန့်​ဟင်းခါး ​ခေါက်​ဆွဲ စသည်​။
သံဃိကကျောင်းပေါ်သို့တက်သည့်အခါ ခြေထောက်ကိုဆေးပါ။ (သို့မဟုတ်) ခြေသုတ်ဖုံတွင် သေသေချာချာသုတ်ပြီးမှတက်ပါ။
အထူးသတိပေးချက်။ ။ မိမိစိတ်တိုင်းကျ ဆုံးဖြတ်၊ ရွေးချယ်ပြီး ဝတ်ခြင်း ဖြစ်သောကြောင့် မိမိ ဥပဇ္ဈာယ်ဆရာနှင့် ကျောင်းနေသံဃာများက အထက်ပါစည်းကမ်းများနှင့် ကိုက်ညီအောင် မနေနိုင်သူများဖြစ်ခဲ့ငြားအံ့၊ ဝေဖန် ကဲ့ရဲ့ အပြစ်တင်ခြင်းမျိုး မပြောဖြစ်အောင် အထူးဂရုစိုက်ပါ။ မိမိကိုယ်မိမိ ကောင်းအောင်သာ ကြိုးစားပြီးနေပါ။ ဆရာသမားများကိုယ်တိုင် ကြည်ညိုလာကြပါလိမ့်မည်။
သာသနာပြုတယ်ဆိုတာ ဗုဒ္ဓအဆိုအဆုံးမအတိုင်း လေးလေးစားစားလိုက်နာတာကိုခေါ်တာပါ။
ဗုဒ္ဓသာသနာတော်မှာ​နေထိုင်ကြသော အမျိုးကောင်းသားများသည် မိမိကိုယ်တိုင်လည်း ဗုဒ္ဓအဆိုအဆုံးမအတိုင်း လိုက်နာနိုင်ကြ၍ မိမိအားကြည့်ပြီး အခြားသူများလည်း လေးစားအတုယူနိုင်ကြကာ သာသနာပြုနိုင်ကြပါစေ။
ဗုဒ္ဓသာသနာတော်ကြီး သန့်ရှင်းစွာဖြင့် အဓွန့်ရှည် တည်တံ့နိုင်ပါစေ။
မေတ္တာဖြင့်
အရှင်ကာရုဏိက
(မည်​သူမဆို ကူးယူမျှ​ဝေနိုင်​ပါသည်​။)

No comments:

Post a Comment