Tuesday, March 26, 2019

အခြေပြုပါဠိဘာသာနိဒါန်း

ပါဠိသင်ခန်းစာ(၁)

အခြေပြုပါဠိဘာသာ


နိဒါန်း


ပါဠိဘာသာ ဘုရားစကားတော်ဖြစ်သော ပါဠိဘာသာကို လူတိုင်း လူတိုင်း သင်ကြားသင့်သည်ဟု ဘုရားသာသနာတော် ထွန်းကားရာ နိုင်ငံကြီးတစ်ခု၌ အထူးတလည် ရေးသားတိုက်တွန်းနေရန် မလိုတော့ချေ။ သို့သော် သင်ကြားတတ်မြောက်စေခြင်းဖြင့် ပါဠိဘာသာ အစဉ်ထွန်းကား နေရန်ကိုကား အားပေး ချီးမြှောက်ရမည်သာ ဖြစ်ပေသည်။

နိုင်ငံတော် အစိုးရ၏ ဆဋ္ဌသံဂါယနာတင်ပွဲကြီး ကိုလည်း ထိုပါဠိဘာသာ ထွန်းကားလာအောင် အားပေး ချီးမြှောက်သော ပွဲကြီးတရပ် ဟူ၍ပင် ဆိုရပေမည်။

ခေတ်မှီစာအုပ် သို့ရာတွင် ပါဠိဘာသာ တတ်မြောက်သော ပုဂ္ဂိုလ်များမှာ သာသနာဝန်ထမ်း ရဟန်း သံဃာတော် အရှင်မြတ်များသာဖြစ်၍ လူပုဂ္ဂိုလ်များမှာမူ ပြောပြလောက်အောင် အများအပြား မရှိကြကုန်။

ထို့ကြောင့် ပါဠိသင်လိုသူ လူပုဂ္ဂိုလ်များအဘို့ ခေတ်မှီစာအုပ် တစ်အုပ် ရေးပေးပါဟု ရဟန်း ရှင်လူ အပေါင်းတို့၏ အထူးတိုက်တွန်းချက် အရ စာအုပ်ငယ်တစ်ခု ရေးသား ထုတ်ဝေရန် ကြိုးစားခဲ့လေရာ ယခုအခါ ထိုစာအုပ်မှာ ထမြောက်အောင်မြင်ပြီ ဖြစ်ပါသည်။

စီစဉ်ပုံ ယင်းသို့ရေးသားရာတွင် ၁၉၅၁-ခုနှစ်ထုတ် အစိုးရပညာပိုင်းဌာန၏ သြဝါဒကထာ အစီရင်ခံစာတွင် ကျောင်းသူ၊ ကျောင်းသားများအဖို့ အသစ်ပြုပြင် ပြဌာန်းထားသော ပါဠိပညာရပ်များနှင့် သဘောသွားအားဖြင့် ကိုက်ညီအောင် စီစဉ်ရပါသည်။ ထိုသို့ စီစဉ်ရာတွင်လည်း လေ့ကျင့်ရန် ပြဆိုထားသော ပါဠိမြန်မာဘာသာပြန် နှစ်မျိုးစလုံးမှာပင် သက်ဆိုင်ရာ သင်ခန်းစာတွင် အရေးကြီးသော ပုဒ်များကို သတိမူနိုင်ရန်အတွက် မျက်နှာမည်း စာလုံးဖြင့် ပြဆိုထားသည့်အပြင် ဘာသာပြန် လေ့ကျင့်သောအခါ တပည့်များအဘို့ လွယ်ကူစေရန် ပါဠိမြန်မာ၊ မြန်မာပါဠိအက္ခရာစဉ်အဘိဓာန်နှစ်မျိုးကိုလည်း စာအုပ်၏ နောက်ဆက်တွဲအဖြစ်ဖြင့် ထည့်သွင်းထားပါသည်။

အထူးအားဖြင့် စာသင်ကျောင်း များတွင်သာ မဟုတ် ဘုန်းတော်ကြီးကျောင်းများတွင်လည်း ပါဠိဘာသာ သင်ကြားသောအခါ အများဆုံး အကူအညီရရှိစေရန် ရည်ရွယ်၍ ပါဠိသဒ္ဒါကျမ်းကြီးများနှင့် တညီတညွတ်တည်း ဖြစ်အောင် များစွာပင် ဂရုစိုက်ကာ ရေးသားရပါသည်။

ပါဠိ အခြေရပုံ ထို့ပြင် ပါဠိအခြေ ရရှိစေနိုင်မည့် နည်းသစ်စံနစ်သစ် တို့ကိုလည်း ကျွန်ုပ်ကိုယ်တိုင် အထူးတလည် စူးစမ်းပြီးမှ စည်းစံနစ်ကျနစွာ ရေးသားထားသဖြင့် ဤစာအုပ်ကို စည်းကမ်းတကျသာ သင်ယူကြပါမူ မည်သူမဆို ပါဠိဘာသာကို အခြေရရှိသည် အထိ တတ်မြောက်နိုင်မည်ဟူ၍ ယုံကြည်ပါသည်။

ပါဠိတတ်ပုံ ပါဠိကို သဒ္ဒါမှန်မှန် ရေးနိုင်ပြောနိုင်၍ ပါဠိကိုမြင်လျှင် ပုဒ်အနက်၊ ဝိဘတ်အနက်များ ထင်နိုင်ပါက ပါဠိတတ်သည်ဟု ဆိုရသည်။

ဤစာအုပ်၏ ရည်ရွယ်ချက်မှာလည်း ထိုအချက်များ အလွယ်တကူ ပြီးမြောက်စေဖို့ အခြေပြုပေးရန်ပင် ဖြစ်၏။ ယင်းသို့ အခြေရပြီးနောက် ပါဠိအဘိဓာန် စသည်တို့ကို လေ့လာပါလျှင် အထက်တန်းစား ပါဠိတတ်ပုဂ္ဂိုလ် တစ်ယောက် ဖြစ်လာနိုင်စရာ အကြောင်းရှိပါသည်။

တိုက်တွန်းချက် အထူးအားဖြင့် ဤစာအုပ်ကို ရေးသားရာတွင် ဉာဏ်နုသော သောတုအခြေပြုတို့၏ အသိဉာဏ်ကို ပွင့်လင်းစေရန် ရည်သန်လျက် အလွယ်မှ အခက်သို့ ဟူသော စကားအတိုင်း တဆင့်ထက်တဆင့် မြင့်ထက်မြင့်အောင် ဂရုစိုက်ကာ အစီအစဉ်အလိုက် ရေးသားရပါသည်၊ သို့ဖြစ်၍ ဤစာအုပ်ကို လက်ကိုင်ပြုကာ အစဉ်အတိုင်းသာ မှန်မှန်လေ့လာမည် ဆိုပါလျှင် ပါဠိတတ်ရမည်မှာ မလွဲနိုင်ပြီဟု ယုံကြည်လေးစားစွာနှင့် လေ့လာရန်သာ တိုက်တွန်းလိုက်ရပါတော့သတည်း။
   
ယေ`မံ ဂန္ထံ သုသိက္ခန္တိ, ယေ ပဿန္တိ ပုနပ္ပုနံ၊ တေ ဝေ ပဋိလဘိဿန္တိ, ပါဠိဘာသာပဋုတ္တနံ။ တသ္မာ ဟိ ပါဠိပဏ္ဍိစ္စံ, ပတ္ထေန္တာ ရဋ္ဌဝါသိနော၊ ဣမံ သောတုဇနာ နိစ္စံ, သိက္ခန္တု ဟိတကာမိနော။ သမောလောကေန္တု ဘိက္ခူ စ, သာမဏေရာ စ သာဒရံ၊ ပါဠိကာမာ ဂဟဋ္ဌာ စ, မောဒမာနာ နိရန္တရံ။
ပါဠိပါမောက္ခဆရာဉာဏ်
၁၃၁၇-ခု တပို့တွဲလဆန်း ၅-ရက်။
ပါဠိပါမောက္ခဆရာဉာဏ်၏ အခြေပြုပါဠိဘာသာစာအုပ်မှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment