Wednesday, March 27, 2019

အခြေပြုပါဠိဘာသာ အခန်း (၂)

ပုဒ်များ

Parts of Speech


ပုဒ် ဆိုသည်မှာ အက္ခရာတို့မှ အလွတ်ဖြစ်သော အရာမျိုး မဟုတ်ပေ။ ယင်း အက္ခရာတို့ကိုပင် တစ်စုံတစ်ခုသော အနက်ကို ဟောပြနိုင်သောအခါ ပုဒ် ဟူ၍ ခေါ်ဆိုရသည်။

ပါဠိဘာသာတွင် ပုဒ်တို့သည် မည်ရွေ့မည်မျှ ရှိသည်ဟု အတိုင်းအရှည်မရှိ၊ ခန့်မှန်း၍ မရနိုင်လောက်အောင်ပင် များပြားကြကုန်၏။

သို့ရာတွင် ထိုပုဒ်တို့ကို အချုပ်အားဖြင့် ပြပါမူ -
၁။ နာမ်ပုဒ်
၂။ အာချာတ်ပုဒ်
၃။ ဥပသာရပုဒ်
၎။ နိပါတ်ပုဒ်
ဟူ၍ လေးမျိုးသာ ရှိ၏။

ဆောင်ပုဒ်။       ။ နာမ်နှင့် အာချာတ်၊ ဥ၊ နိ ထပ်၊ လေးရပ် ပုဒ် အပြား။

ထိုလေးမျိုးတို့တွင် -
၁။ နာမ်ပုဒ် ဆိုသည်မှာ သက်ရှိ သက်မဲ့ အရာဝတ္ထုကို ဟောပြတတ်သော နာမ်ဝိဘတ် အဆုံးရှိသောပုဒ်ကို ဆိုသည်။

၂။ အာချာတ်ပုဒ် ဆိုသည်မှာ ကြိယာကို ဟောပြောတတ်သော အာချာတ်ဝိဘတ် အဆုံးရှိသော ပုဒ်ကို ဆိုသည်။

၃။ ဥပသာရပုဒ် ဆိုသည်မှာ နာမ်ပုဒ်၊ အာချာတ်ပုဒ်တို့ကို အထူးပြုတတ်သော ပ၊ ပရာ၊ နိ၊ နီ - စသော အရေအတွက်အားဖြင့် နှစ်ဆယ်သော ပုဒ်တို့ကို ဆိုသည်။

၎။ နိပါတ်ပုဒ် ဆိုသည်မှာ ပုဒ်တို့၏ အစ၊ အလယ်၊ အဆုံးတို့တွင် ကျရောက်တတ်သော စ၊ ဝါ - စသော များစွာသော ပုဒ်တို့ကို ဆိုသည်။


လိင်

Gender

ပုဒ်လေးပါးတို့တွင် နာမ်ပုဒ်သည် - 
ပုလ္လိင်
ဣတ္ထိလိင်
နပုလ္လိင်
ဟူသော လိင်သုံးပါးတွင် ဖြစ်၏။

 ယောက်ျား (သို့မဟုတ်) ယောက်ျား အခြင်းအရာကို ပြတတ်သော ပုဒ်တို့သည် ပုလ္လိင် တွင် ဖြစ်ကုန်၏။

ပုရိသော = ယောက်ျား၊ ဝါနရော = မျောက်၊ ရုက္ခော = သစ်ပင် - အစရှိသည်တည်း။

မိန်းမ (သို့မဟုတ်) မိန်းမ အခြင်းအရာကို ပြတတ်သော ပုဒ်တို့သည် ဣတ္ထိလိင် တွင် ဖြစ်ကုန်၏။

ဝနိတာ = မိန်းမ၊ မိဂီ = သမင်မ၊ မာလာ = ပန်း - အစရှိသည်တည်း။

ယောက်ျား မိန်းမ အခြင်းအရာတို့ကို မပြတတ်သော ပုဒ်တို့သည် နပုလ္လိင် တွင် ဖြစ်ကုန်၏။

စိတ္တံ = စိတ်၊ ရူပံ = ရုပ်၊ ဓနံ = ဥစ္စာ - အစရှိသည်တည်း။ ဤကား လိင်သုံးပါး၏ သာမန် သဘောတည်း။

လိင်ကို သိမှတ်ရာတွင် ယော၊ သော ဟူသော သဗ္ဗနာမ်ပုဒ်တို့နှင့် တွဲ၍ သုံးနိုင်သော ပုဒ်မျိုးကို ပုလ္လိင် ဟူ၍၄င်း၊ ယာ၊ သာ ဟူသော သဗ္ဗနာမ်ပုဒ်တို့နှင့် တွဲ၍ သုံးနိုင်သော ပုဒ်မျိုးကို ဣတ္ထိလိင် ဟူ၍၄င်း၊ ယံ၊ တံ ဟူသော သဗ္ဗနာမ်ပုဒ်တို့နှင့် တွဲ၍ သုံးနိုင်သော ပုဒ်မျိုးကို နပုလ္လိင် ဟူ၍၄င်း မှတ်လေ။

အာချာတ်ပုဒ်မှာ ကြိယာဟော သက်သက် ဖြစ်၍ လိင် သုံးပါး မရှိ။

ဥပသာရပုဒ်၊ နိပါတ်ပုဒ် တို့မှာလည်း လိင်ကြောင့် ရုပ် အထူးအထွေ ဖြစ်မှု မရှိသဖြင့် လိင်သုံးပါး မရှိချေ။




တက္ကသိုလ်ပါဠိသဒ္ဒါ (ဆရာကြီး ဦးမြင့်ဆွေ)

No comments:

Post a Comment