Monday, March 25, 2019

ခေတ်သစ် သောဏုတ္ထိုရ်များ

ခေတ်သစ် သောဏုတ္ထိုရ်များ။
****************************
သောဏုတ္ထိုရ်ဟူသော အမည်သည် မြန်မာဗုဒ္ဓဘာသာဝင်တို့နှင့် မစိမ်းကားပေ။
သောဏုတ္ထိုရ် ဟူသည် မုဆိုးတစ်ဦး၏ နာမည်ဖြစ်၏။
ဘုရားလောင်း ဆဒ္ဒန်ဆင်မင်းကို အဆိပ်လူးထားအပ်သော မြားဖြင့် ပစ်ဖောက်သောအခါ ဘုရားလောင်းဆင်မင်းသည် မြားလာရာနေရာကို သိ၍ မြေအောက်တွင် ပုန်းခိုနေသော မုဆိုးကြီးကို သတ်မည်အပြုတွင် မုဆိုးကြီးက သင်္ကန်းကို ဆင်၏ နှာမောင်းတွင် တင်ပေးလိုက်၍ အသက်ချမ်းသာမှု ရခဲ့ဖူး၏။
မုဆိုးကြီးသည် သင်္ကန်းကို ခုတုံးလုပ်၍ ကိုယ်ကျိုးရှာခဲ့ဖူးလေသည်။ ဤကား ခေတ်ဟောင်း သောဏုတ္ထိုရ်ဖြစ်၏။
ယနေ့ခေတ်တွင် ခေတ်သစ် သောဏုတ္ထိုရ်များလည်း ရှိလာ၏။
သင်္ကန်းကို cover ယူလျက် လုပ်စားသူများသည် ခေတ်သစ် သောဏုတ္ထိုရ်များပင် ဖြစ်၏။
မြန်မာနိုင်ငံတွင် လူ့ဘဝဖြင့် ဒုစရိုက်မှုများပြုလုပ်လျင် လူအကြည်ညိုပျက်၍ ရွံစရာကောင်းလှသော်လည်း သင်္ကန်းဝတ်ဖြင့် နေလျက် သာသနာအတွက် အကြောင်းပြ၍ ကိုယ်ကျိုးရှာနေသူများကိုကား သင်္ကန်းကို ငဲ့ကာ ဆဒ္ဒန်ဆင်မင်း နှလုံးသားဖြင့် မြန်မာတို့က ခွင့်လွှတ်တတ်ကြ၏။
ထိုသို့သော နှလုံးသားကို နားလည်ထားကြသော လူ့ငမိုက်သားတို့သည်ကား သင်္ကန်းကို အကာအကွယ်ယူ၍ ကိုယ်ကျိုးရှာကြလေပြီ။ ခေတ်သစ်သောဏုတ္ထိုရ်များပါတကား။
ထေရဂါထာအဋ္ဌကထာ၊ ၂၊ ၃၆၆ ၌ "သင်္ကန်းကို ဝတ်သူသည် သင်္ကန်းကို မြတ်နိုးလျက် သင်္ကန်းနှင့် ထိုက်တန်သော အကျင့်ကို ကျင့်မှသာ သင်္ကန်းကို လေးစားရာ ရောက်ကြောင်း" မိန့်ဆိုထား၏။
ခေတ်သစ် သောဏုတ္ထိုရ် အချို့ကား ရဟန်းကျင့်ဝတ် ကျင့်ရမည်ကိုကား မကျင့်၊ လူတကာ ပူဇော်မှုကိုကား ခံယူလို၏။ " ငါတို့ သင်္ကန်းဝတ်ထားသည်၊ ငါတို့ကို ပူဇော်ကြရမည် " ဟုပင် သင်္ကန်းကို cover ပြုလျက် ခေတ်သစ် သောဏုတ္ထိုရ်တို့က ပြောဆိုနေကြလေပြီ။
သို့ဖြစ်၍ ရဟန္တာအရှင်သူမြတ်ဖြစ်သော ဖုဿထေရ်သည် " အနာဂတ်ကာလတွင် သင်္ကန်းတွင် ရိုသေမှုကင်းလျက် သင်္ကန်းနှင့် မထိုက်တန်သူများ သင်္ကန်းကို ဝတ်လျက် လူတွင်ကျယ် လုပ်ကြမည့်အကြောင်း " ဆဒ္ဒန်ဆင်မင်းဇာတ်တော်လာ သောဏုတ္ထုရ်မုဆိုးကို ပမာပြုလျက် မိန့်မှာ ခဲ့ဖူးလေ၏။
(ထေရအဋ္ဌကထာ၊ ၂၊ ၃၆၁)
ဖုဿထေရ် အရှင်မြတ်မိန့်သော စကားတို့ကား လွန်စွာ မှတ်သားသင့်လှ၏။
သီလမရှိဘဲ သင်္ကန်းဝတ်နေ၍ မည်သို့ အကျိုးရှိနိုင်မည်နည်း?
သီလမရှိဘဲ သင်္ကန်းဝတ်ထားခြင်းသည် သက်မဲ့ အရုပ်ကို သင်္ကန်းပတ်ထားသည်နှင့် မထူးခြားပေ။
(ကာသာဝံ ကိံ ကရိဿတီတိ ယဿ သီလံ နတ္ထိ, တဿ ကာသာဝံ ကိံ နာမ ပယောဇနံ သာဓေဿတိ, စိတ္တကတသဒိသံ တဿ ပဗ္ဗဇိတလိင်္ဂန္တိ အတ္ထော။)















No comments:

Post a Comment