သာသနာရေးဆိုင်ရာ အနာဂတ်ဟောကိန်းများ (အပိုင်း~၄)
~~~~~~~~~~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~~~~~~~~~~~~
တတိယအနာဂတ်ဘေး
~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~
သီလမရှိဘဲ တရားအလုပ်လုပ်သော်လည်း တရားမတက်သကဲ့သို့ တရားမပါဘဲ သီလကို ထိန်းသော်လည်း သီလက မလုံခြုံ။
ထို့ကြောင့် နောင်အနာဂတ်တွင် ရဟန်းတို့သည် သီလ သမာဓိ ပညာကင်းမဲ့ကြကုန်လျက် အဘိဓမ္မာအကြောင်း ဉာဏ်စဉ်များအကြောင်း ဟောပြောကြလိမ့်မည်။
ထိုသို့ အဘိဓမ္မာအကြောင်း ဉာဏ်စဉ်အကြောင်းကို ပါးစပ်က ဟောနေကြသော်လည်း ဟောပြောသူ ရဟန်းတို့ကိုယ်တိုင်က တရားဟောလျက်ပင် အကုသိုလ်ဖြစ်နေကြလိမ့်မည်။
ပလ္လင်ပေါ်မှာ ထိုင်၍ သူတစ်ပါးကို အပြစ်ရှာလျက် အမုန်းပွားစေပြီး လာဘ်လာဘရဖို့ရန် ရည်သန်၍ လူကြားကောင်းအောင် အဘိဓမ္မာအကြောင်း ဉာဏ်စဉ်အကြောင်းကို ဟောကြလိမ့်မည်။
ဤကား အဂုင်္တ္တရနိကာယ် ပဉ္စကနိပါတ်၊ တတိယအနာဂတဘယသုတ်၌ ဘုရားမြတ်စွာ မိန့်တော်မူသော သာသနာရေးဆိုင်ရာ အနာဂတ်ဘေးဆိုးကြီး ဖြစ်၏။
" ထိုသို့သော တတိယအနာဂတ်ဘေးဆိုးကြီးကို သဘောပေါက်နားလည်အောင် ကြိုးစားကြရမည်။
သဘောပေါက်နားလည်းပြီးလျင်လည်း ထိုတတိယအနာဂတ်ဘေးဆိုးကြီး မကျရောက်ရအောင် ကြိုးစားကြရမည် "ဟူ၍ ဘုရားမြတ်စွာ တိုက်တွန်းတော်မူထား၏။
ယနေ့ တရားပွဲအချို့သည် တရားပွဲနှင့် မတူဘဲ အပုပ်ချပွဲ လုပ်နေသလား ဟု ထင်ရ၏။
ပလ္လင်ထက်မှ မိမိကြည့်မရသူတို့ကို စောင်းမြောင်းကာ ဟောပြောလျက် ပရိသတ်ကို သဘောကြစေကြ၏။
ပရိသတ်ကလည်း ထိုကဲ့သို့ ထေ့လုံး ငေါ့လုံးပါမှ သဘောကျတတ်သည် ဟူ၏။
တရားပွဲလား ? မတရားပွဲလား? ခွဲခြားမရသော ခေတ်သို့ ရောက်နေချေပြီ။
အချို့ကား ပါးစပ်မှ ကုသိုလ် အကုသိုလ်အကြောင်း လှိုင်လှိုင်ကြီး ဟောနေကြသော်လည်း ရင်ထဲတွင်တော့ အကုသိုလ်အထုပ်ကြီး ပိုက်မိနေ၏။
စတုတ္ထအနာဂတ်ဘေး
~~~~~~~~~~~~~~~
~~~~~~~~~~~~~~~
နောင်အနာဂတ်တွင် သဗ္ဗညုတဉာဏ်တော်ဖြင့် ဟောကြားထားသော ပိဋကတ်တော်လာ တရားအကြောင်း ဟောပြောသော်လည်း စိတ်ဝင်တစား နာယူလိုမှု ရှိကြမည် မဟုတ်။
နားစိုက်ထောင်ခြင်း ရှိကြမည် မဟုတ်။
သိနားလည်ရန်ကြိုးစားကြမည် မဟုတ်။
လေးနက်သော ပိဋကတ်တရားတို့ကို သင်ယူသင့် သင်ယူထိုက်၏ ဟုပင် မှတ်ထင်ကြမည် မဟုတ်။
လောကီဆရာများ ဟောပြောချက်ကို စိတ်ဝင်တစား နာယူကြလိမ့်မည်။
လောကီစာရေးဆရာများ ရေးသားထားသော စာများကို အလေးထား သင်ယူကြလိမ့်မည်။
ပိဋကတ်ကို စိတ်မဝင်စားဘဲ လောကီစာကို အလေးထားခြင်းသည် သာသနာတော်၏ စတုတ္ထအနာဂတ်ဘေးဆိုးကြီး ဖြစ်၏။
ထိုဘေးဆိုးကြီး မကျရောက်အောင် ကြိုးစားသင့်ကြောင်း ဘုရားမြတ်စွာ မိန့်မှာတော်မူထား၏။
ယနေ့ခေတ် စာသင်သားရဟန်းတော်များနှင့် မြန်မာပြည်သူပြည်သားများ စတုတ္ထအနာဂတ်ဘေးဆိုးကြီးနှင့် ရင်ဆိုင်နေရပြီ။
စာသင်သားများနှင့် စာချဘုန်းတော်ကြီးများ မိမိတို့ သင်ယူပို့ချနေသော ပိဋကတ်စာကို စိတ်ဝင်စားမှု အားနည်းလာသည်ကို တွေ့ရ၏။
စာမေးပွဲကို ဖုတ်ပူမီးတိုက် ကျက်ဖြေအောင်မြင်ပြီးနောက် နိုင်ငံခြားထွက်ခွာ လောကီစာသင်ရန် အားသန်နေကြတော့၏။
ဒကာဒကာမများကလည်း မိမိတို့ ဦးပဇင်းကို မြန်မာနိုင်ငံမှ ရသော သာမဏေကျော်၊ ဓမ္မာစရိယထက် နိုင်ငံခြားမှ B.A, M.A, Ph.D တို့ဖြင့် တန်ဆာဆင်လိုကြ၏။
သူ့ထက်ငါ အပြိုင် နိုင်ငံခြားကို ပို့ရန် ကြိုးစားကြတော့၏။
ရှေးယခင်က နာမည်ကျော် စာသင်တိုက်တစ်ခုသည် စာချအကျော်အမော်များမွေးထုတ်ပေးနိုင်သော်လည်း ယခုအခါ မင်္ဂလာကျက်သရေအပေါင်းနှင့် ပြည့်စုံသော စာချသံ စာကျက်သံတို့ကို မကြားရတော့ဘဲ ကျောင်းဆောင်များ သော့ခတ်ထားရသည့် အခြေအနေသည် ရောက်ရှိနေ၏။
အကြောင်းကို မေးမြန်းကြည့်သော် စာချဘုန်းကြီးများ နိုင်ငံခြားထွက်၍ လောကီစာသင်ယူလိုသော ရောဂါကြောင့် ပိဋကတော်ကို ကျောခိုင်းကာ ကျောင်းတော်ကြီးကို စွန့်ခွာသွား၏ ဟူ၍။
နိုင်ငံခြား ထွက်ခွာပြီး ဘွဲ့ရဆရာတော် ဘယ်နှစ်ပါး ပြန်ကြွလာပြီ စာချပေးသလဲ ဟု ဆက်လက်မေးမြန်းသောအခါ တစ်ပါးမျှ ပြန်ကြွလာခြင်း မရှိဘဲ ပရဟိတလိုင်းသို့ ကြွမြန်ကြသည် ဟူ၏။
ထိုသို့သော ကျောင်းတိုက်မျိုး မြန်မာတွင် မည်မျှ ရှိနေမည်နည်း?
ကမ္ဘောဒီးယားနိုင်ငံလည်း ထိုဘေးဆိုးကို ရင်ဆိုင်နေရ၏။
မိမိတို့ သားဖြစ်သော ဦးပဇင်းများ ပိဋကတ်ပညာသင်ကြားသည်ကို မကြိုက်ဘဲ လောကီပညာသင်ကြားသည်ကို နှစ်သက်ကြပါသတဲ့။
ငွေရွှင်သည့် လမ်းကို ရွေးကြသောအခါ သာသနာတော်သည် စတုတ္ထအနာဂတ်ဘေးဆိုးကြီးနှင့် ရင်ဆိုင်ရလေပြီတကား။
No comments:
Post a Comment