Monday, January 7, 2019

စုန်းထုတ်​တဲ့ည

စုန်းထုတ်​တဲ့ည


ညောင်သာရွာ…ပဲခူးရိုးမ အရှေ့ဘက်ကပ်ရပ်လေးပါပဲ။ မြို့နဲ့လည်း အလှမ်းဝေးတယ်။ တောင်ယာနဲ့ မှိုရှာ မျှစ်ချိုး မီးသွေးဖုတ်တဲ့ အလုပ်ပဲ တစ်ရွာလုံးလိုလို လုပ်ကြတယ်။ ရွာလို့သာ ပြောရတာ တစ်ကယ်တော့ တဲစုသာသာလေးရယ်။ အိမ်ခြေ ၄၀ မပြည့်တပြည့် ရွာတန်းရှည် ရွာလေးပေါ့။


ကျေးလက်ကျန်းမာရေး ဆေးခန်း နတ္တိ။ တစ်ခုခုဖြစ်ပြီဟေ့ဆို ရိုးရာဆေးမြီးတိုနဲ့ကု။အသဲအသန်ဟေ့ဆို ဆောင်ပုခက်နဲ့ ၂၅ မိုင်လောက်ဝေးတဲ့ မြို့ကိုထမ်းပြေးပဲ။ လမ်းတစ်ဝက်တင် ပြန်လှည့်လာရတဲ့ မသာတွေလည်း ရှိပေါ့။ အဲ့လောက်ခေါင်တာ။ အဓိက ဒုက္ခပေးတာက ငှက်ဖျား။ အဲ့ဒီ့ ငှက်ဖျားဆိုတဲ့ကောင်ကလည်း တစ်ရွာလုံးနဲ့ အမျိုးစပ်ထားသလား အောက်မေ့ရဒယ်။ မွေးစကနေ အဘိုးကြီး အဘွားကြီးတွေထိ ငှက်ဖျားရှိဆိုပဲ။


ထားပါတော့ အခုပြောချင်တာက ငှက်ဖျားရောဂါအကြောင်း မဟုတ်ပါဘူး။ ထူးထူးဆန်းဆန်းဖြစ်ပျက်ခဲ့တဲ့ သဘာဝလွန်ဖြစ်ရပ်လေးတစ်ခုအကြောင်းပါ။ ဖြစ်ခဲ့တာကတော့ ၄ နှစ်လောက်ရှိပြီး။ ဒါပေမယ့် ညောင်သာရွာမှာတော့ အခုထိ စမြှုပ်ပြန်ကောင်းတုန်းဖြစ်ရပ်လေး။


ဇာတ်လမ်းအစက ဂလို ဂလို…ငတေနဲ့ မိလေးသည်အိမ်ထောင်ကျတာ ၆ နှစ်ရှိပြီ။ သားသမီးကတော့ မထွန်းကားသေးဘူး။ ငတေ ကမိလေးသည်ထက် အသက်၃နှစ်ပိုကြီးတယ်။ မိလေးသည်အသက်က ၂၅ ပေါ့။ ယောက်ျားက မီးသွေးဖုတ်တယ်။ ရာသီချိန်ဆို ငွေယားလေးအတန်သင့် အဆင်ပြေတာပေါ့။


မိလေးသည်ကလည်း အငြိမ်မနေဘူး။ တောထဲသွားပြီး မှိုရှာ မျှစ်ချိုး စားလို့ရတာအကုန်ဆွတ်ပေါ့။


တစ်နေ့ ငတေ မီးသွေးဖိုကနေ ပြန်အလာ အိမ်ရောက်တော့ တစ်ဟင်းဟင်းနဲ့ ငြီးနေတဲ့ မိလေးသည်ကိုတွေ့လိုက်တယ်။ ထုံးစံအတိုင်း ငှက်ဖျားတက်ပြန်ပြီ ထင်ပြီး ” မိလေးသည်ရေ ငှက်ထပြန်ဘီလား နနွင်းလုံးသောက်ပြီး ဆောင်ခြုံကွေးနေလိုက် ငါ ထမင်းအိုးတည်ထားလိုက်မယ်” ဟု ပြောလိုက်ပြီး နောက်ဖေး မီးဖိုချောင်ဖက် ဆက်အသွား ” ဟဲ့မသာကောင် ငှက်ဖျားထတာမဟုတ်ဘူး ငါ နင့်မိန်းမကို မကျေနပ်လို့ ဝင်ပူးနေတာဟဲ့ ” ဆိုတဲ့ သူ့မိန်းမအသံမဟုတ်တဲ့ မိန်းမအသံကြားလိုက်ရပါလေရော။


ငတေ ပြာပြီလေ။ ဟုတ်တယ် ပြာဆို သူ့ဘဝမှာ ဒါပထမဆုံး ကြုံးဖူးတာပဲ။ တော်ထဲတောင်ထဲမှာ မီးသွေးဖုတ်ဖို့ ထင်းခုတ် ဘာခုတ် လုပ်နေတုန်းက တောခြောက်တာတွေ သရဲလိုလို ဘာလိုလိုတွေတော့ကြုံဘူးတာပေါ့။ ဒါမယ့် ခုလို ဝင်ပူးတာမျိုးမကြုံဘူးတော့ငတေပြာတာ အဆန်းလား။


ငတေတစ်ယောက် ခြေမကိုင်မိ လက်မကိုင်မိ ကတုန်ကရင်နဲ့ မေးရှာတယ်။ ” ဘာ..ဘာ..ဘာလို့ ဝင်ပူးတာလဲဟမ်”” မကျေနပ်လို့ဟေ့ မကျေနပ်လို့”


” ဟုတ်..ဟုတ်ကဲ့ ကျေနပ်အောင်ဘာလုပ်ပေးရမလဲဟင်”


” ငါကို ကြက်သားဟင်း နဲ့ ထမင်းကျွေးပြီးတော့ တောင်းပန်မှ ကျေနပ်နိုင်မယ်”


ငတေ တင်းသွားပြီလေ။ ဟုတ်တယ် သူတို့လင်မယားတောင် မှိုလိုလို ချဉ်ပေါင်ကြော်လိုလိုနဲ့ နှစ်ပါးသွားနေရတာ။ ခုတော့ ကြက်သားဟင်းချက်ကျွေးရမယ်ဆိုတော့ တင်းဘီ။ ဒါမယ့် ငတေက လူလည်။


လည်လို့လည်း တောင်ယာမခုတ်ပဲ ငွေရလွယ်တဲ့ မီးသွေးဖုတ်နေတာသာကြည့်တော့။ စိတ်ထဲက တင်းသွားပေမယ့် အချိုသတ်ပြီး ” ဟုတ်ကဲ့ ဒါဆို ရွာထဲသွားပြီး ကြက်သွားရှာလိုက်ဦးမယ် ခဏစောင့်နော်” ဆိုပြီး ရွာထဲ သုတ်ခြေတင်ပြေးပါလေရော။


ကြက်ရှာတယ်လို့တော့ မထင်နဲ့ ကြက်ဆိုတာ မြို့မှာသာပေါတာ ရွာမှာအရှားသားလေ။ ( တောင်တွေးမြောက်တွေး မတွေးနဲ့ ဟင်းချက်စားတဲ့ ကြက်ကိုပြောတာ။ ဟုတ်တယ်မြို့မှာက ဈေးထဲပြေးဝယ်လိုက်ရုံ။ ရွာမှာက လိုက်ဝယ်လည်း ရောင်းချင်မှရောင်းတာမျိုး)


ငတေ ပြေးတာက တိုင်းရင်းဆေးဆရာလို စုန်းကုနတ်ကုလိုလို ဘာမှန်းမသိတဲ့ ဆရာ အောင်ဘုန်းဆီ ပြေးတာ။ ဆရာဘုန်းဆိုတာက သူတို့ရွာတင်မဟုတ် ဒီတောင်ခြေတစ်ကြောလုံးရဲ့ တစ်ဦးတည်းသောဆေးဆရာ။


ဗေဒင် ယတြာလေးကလည်း နည်းနည်းပါးပါးရသေးး။ ရိုးရိုး အဖျားတင်မဟုတ် ပယောဂလည်း ကြုံရင် ကြုံသလို ကုလိုက်သေးတယ်။ သူကုလိုက်လို့ သေသွားတဲ့ မသာတွေလည်း သူ့ဘာသူတောင် မမှတ်မိ။ အဲ့လောက် အစွမ်းထက်တာ။ ဒါဖြင့် ဘာလို့ လူတွေက ကုနေကြတာလည်းလို့မေးစရာရှိမယ်။ ဟုတ်ကဲ့ သူနဲ့မကုလည်း ဒီတိုင်းပဲ အသေခံရုံဆိုတော့ ရလိုရငြား အားကိုးကြရတာပဲ ဆိုပါတော့။


ငတေ ဆရာဘုန်း အိမ်ထဲပြေးဝင်ပြီး ” ဆြာဘုန်းဆြာဘုန်း လုပ်ပါဦး ကျနော့်မိန်းမကို ဝင်ပူးနေလို့ ”


” ဟေ ဘာဝင်ပူးတာတုန်း သရဲလား ၊ ဖုတ်လား၊ စုန်းလား” ပေါ့

ဟုတ်သား သူ ထူပူပြီး ဘယ်သူဝင်ပူးတာလဲတောင် မမေးခဲ့ရ။ ” ကျုပ် မမေးခဲ့ရဘူး ဆြာ ၊ ကြာပါဒယ်ဗျာ ရောက်မှသာမေးတော့၊ သေချာတာကတော့ ကျုပ်မိန်းမအသံမဟုတ်တဲ့ မိန်းမအသံကြီးဗျာ”


” ဟုတ်ပြီလေ ဒါမျိုးက မခက်ပါဘူး။ မင်းမိန်းမ ဘာမှားခဲ့လို့ ဝင်ပူးတာလဲမသိဘူး၊ ရောက်မှမေးပြီး သူကျေနပ်အောင်တောင်းပန်လိုက်ရင်ပြီးတာပဲ”ဟု ဆရာဘုန်း ကပြောလိုက်ရာ ငတေက ” ဟာအဲ့ဒါတော့ မဖြစ်ဘူး မတောင်းပန်ချင်ဘူးဗျာ၊ ဘယ့်နယ် တင်တင်စီးစီး သူ့ကို ကြက်သားချက်ကျွေးရမယ်ဆိုပဲ၊ ကိုယ်တောင် ချက်မစားနိုင်တာ” ” ပြီးတော့ ကျုပ်လာတာက အဲ့ဒါကို မကျေနပ်လို့ ဆရာ့ဥာဏ့် ပညာစွမ်းနဲ့ ဆုံးမ ခိုင်းမို့လာတာဗျ”


ဟိုက် ခက်ဘီ ကိုယ်က အထက်လမ်း၊အောက်လမ်းဆရာ အစစ်ကြီးမဟုတ်။တတ်ယောင်ဝါး စားကောင်းသောက်ကောင်း လျှောက်ရမ်းကုနေတာခုတော့ မထူးပါဘူး လိုက်မသွားလျှင်လည်း ငတေ က လျှောက်ပြောလို့ သူ့စားပေါက်ပိတ်သွားနိုင်သည်။့” အေးးအေး ကောင်းဘီလေ ဒါဆိုလည်း ခုလိုက်ရတာပေါ့” လို့ ခပ်တည်တည်ပင် ဆရာဘုန်း က ပြောလိုက်သည်။


ထို့နောက် သူသွားလေရာ ဆောင်သွားသည့် ဆေးလွယ်အိတ်ကိုယူပြီး ငတေ အိမ်ရှိရာသို့ သွားလေရာ ငတေမှာ ဆ ရာဘုန်း အားကိုးဖြင့် ခေါင်းမော့ရင်ကော့လို့။


ငတေအိမ်သို့ရောက်လေသော် မိလေးသည်တစ်ဖြစ်လဲ ဝင်ပူးသူ ပွဲကြမ်းကာဆူညံနေသဖြင့် ပတ်ဝန်းကျင်မှာ လူများမှာလည်း စုစု စုစုဖြင့် ငတေအိမ်ရှေ့တွင်ရောက်နေလေပြီ။


ဆရာဘုန်းတို့နှစ်ယောက် အိမ်ထဲဝင်လေသည်နှင့် နောက်ကနေ လိုက်ဝင်လာကြလေသည်။


” ငတေ. ငတေ… နင့်ကိုယ်နင်လည်လှပြီ ထင်နေလား၊ ငါအကုန်သိတယ်ဟဲ့ နင်ကြက်မဝယ်ပဲ ဆရာသွားခေါ်တယ်ဆိုတာ ဟင်းဟင်ဟင်း၊ နင်အားကိုးတဲ့ဆရာ ဘယ်လောက်စွမ်းလည်း ကြည့်မဟဲ့ ပြီးမှ နင့်မိန်းမကို ရူးအောင် လုပ်ပလိုက်မယ် ဟွင်းဟွင်း” ဟုဆီး၍ပြောလေရာ ဆရာဘုန်း ပါးစပ်အဟောင်းသားဖြစ်သွားလေ၏။


ဆရာဘုန်းလည်းသူတကယ်မနိုင်ဘူးဆိုတာသိ၍ နံဘေးမှာ လူများအား” ဘာကြည့်နေတာလဲ ချုပ်ကြစမ်း ဒင်းကို ၊ ပြီးမှ ငါဆုံးမပြမယ် ” ဟု ပြောလေရာ ငတေ အပါအဝင် လူ လေးငါးယောက်ဝိုင်းချုပ်၍ လက်နှစ်ဖက်ကို ကြိုးဖြင့်တုပ်ကြလေ၏။


ကြိုးတုပ်ပြီးသော် “ဆရာဘုန်းက အိမ်ဦးခန်းတွင် ထိုင်၍ ” ကဲ ငါ့ရှေ့ခေါ်ခဲ့စမ်းဒင်းကို ”


” ကဲ နင်ဘယ်သူလဲ မှန်မှန်ပြော ” ဟု ဆရာဘုန်း အမေးကို ” နင်က ဘာကောင်မို့ပြောရမှာလဲ” ဟု ပြန်ပက်လေ၏။ ဆရာဘုန်းလည်းနာမည်နှင့်လိုက်အောင် ဥာဏ်သုံးမှ ဖြစ်တော့မည်ဟုတွေးကာ ” ကောင်းပြီ အေးအေးဆေးဆေး ပြောကြတာပေါ့ နင်ဘယ်သူ လဲဆိုတာ ငါ့ကိုပြော၊ ဒါမှ ငါတို့က နင့်ကို ဘာလုပ်ပေးနိုင်မယ်ဆိုတာ သိမှာပေါ့ ” ဟု အချိုသတ် မေးလေမှ ” ငါက စုန်းဟဲ့။ စုန်းတောင် ရိုးရိုးအောက်တန်းစားစုန်းမဟုတ်ဘူး၊ တိမ်ညွန့်စားတဲ့စုန်း” ဟု ဖြေလေသည်။


” နင် ဘာမကျေပ်နပ်လို့ ဝင်ပူးတာလဲ “” ဒီကောင်မပေါ့ ငါတွေ့ထားတဲ့ မှိုကျင်းကို ဝင်နှုတ်သွားတာလေ ငါ့ဖို့ ဟင်းစားတောင် မချန်ခဲ့ဘူး၊ ကောင်မ လူပါးဝတာလေ ” ဟု ပြောလေသည်။


ဆရာဘုန်း က” နင့်အသက်ဘယ်လောက်ရှိပြီလဲ”” ငါ့ အသက်က ၃၂နှစ် အသက်ငယ်လို့ ပညာနုမယ်တော့ မထင်လိုက်နဲ့ စုန်းသက်ကလည်း ၃၂ နှစ်ပဲ ၊ ငါက ဝမ်းတွင်းစုန်းဟဲ့ ဟင်းဟင်းဟင်း” ဟု ဂုဏ်ယူလေသော အသံဖြင့်ပြောလေ၏။


” အေး သူမှားတယ်ဆိုလည်း တောင်းပန်ပါတယ် သူ့ကိုတော့မနှောက်ယှက်ပါတော့နဲ့ ပြန်ထွက်ပေးပါ” ဟု ဆရာဘုန်း က ပြောလေရာ ” မထွက်နိုင်ဘူး ငါစားချင်တာ မကျွေးမချင်း သေတောင်မထွက်ဘူး” ဟုပြောလေရာ ဆရာဘုန်း လည်း ငတေအားကြည့်လိုက်မိသည်။


ငတေက ပုခုန်းတွန့်၍ ခေါင်းခါပြသည်ကို မြင်လေရာ ” ဒုက္ခပဲ ငါတော့ ဒီစုန်းမကို ငါ့ပညာဖြင့် ထွက်အောင်မလုပ်နိုင်လျှင် အရှက်တော့ကွဲတော့မည်ဟု တွေးပြီးသကာလ။ ဆရာ ဥာဏ် ညစ်ကျယ်ကျယ် ပြုံးလိုက်ကာ ” ဟဲ့ ကောင်မ သူတို့က နင့်ကို မကျွေးနိုင်ဘူး၊ဒီတော့ နင် ထွက်မလား မထွက်ဘူးလား” ဟု ငေါက်လေရာ ” မထွက်ဘူး သေတောင်မထွက်ဘူး ”


” ကောင်းပြီလေ နင်မထွက်လည်း ငါ့ပညာစွမ်းနဲ့ ထွက်အောင် လုပ်ရမှာပေါ့ ဟင်းဟင်းဟင်း ” ထို့နောက် ဆရာဘုန်း က ဝိုင်းအုံကြည့်နေသော လူတွေဘက်သို့လှည့်၍ ” ကဲ ငါ့ပညာနဲ့ ဒီစုန်းမကိုဆုံးမရမယ်၊ ဒါပေမယ့် ပညာထုတ်သုံးတဲ့အချိန်မှာ ဘေးလူတွေ ကြည်လို့မရဘူး ဒီတော့ ဝိုင်းအပြင်ထွက်ပေးကြပါ ” ဟုပြောလေရာ လူအများလည်း ခေါင်းညိတ်၍ မထွက်ချင် ထွက်ချင်ဖြင့် ခြံပြင်သို့ ထွက်သွားကြကုန်လေသည်။


အိမ်ထဲတွင်သူနှင့် ငတေသာ ကျန်လေသောအခါမှ ဆရာဘုန်း က” ငတေ ငါ့နားလာစမ်း ” ဟု ခေါ်လိုက်ကာ ငတေ အနားရောက်လာလေလျင် နားနားသို့ကပ်၍ တိုးတိုး တိုးတိုးဖြင့်ပြောလေ၏။ ငတေက ” ဟာ ဖြစ်ပမလားဆရာ ”


” ဖြစ်ပါဒယ်ကွာ ဒါမျိုးတွေ ကြုံလာတာ ငါအံတိုနေဘီ” ဟု သူ၏ ကွမ်းချိုးအထပ်ထပ်တက်နေသော သွားတွေပေါ်အောင်ပြုံးလိုက်လေ၏။


ငတေလည်း ကြိုးတုပ်ထားသော မိလေးသည် ကိုအတင်းဆွဲထမ်း၍ အိပ်ခန်းထဲသို့ ခေါ်သွားလေရာ


” ဟင် နင်ငါ့ကို ဘာလုပ်မလို့လဲ လွှတ်စမ်း ခုလွှတ် လွှတ်ဆို လွှတ်နော် ” ဟု စုန်းမက ပြောလေရာ ဆရာဘုန်း က


” ဟား ဟားးး မလွှတ်ဘူးနဲ့ဟေ့ မလွှတ်နဲ့ ငတေ ။” ဟု ရယ်ရင်း ပြောလိုက်လေ၏။


အိမ်ရှေ့တွင် ရပ်၍ အခြေနေစောင့်ကြည့်နေသောရွာသားများမှာ အိမ်ထဲမှ ငတေ၏ ” ငါ့မိန်းမကို ဝင်ပူးတဲ့ စုန်းမ မှတ်ပြီလားကွ ” ဟု ကြွေးကြော်သံနှင့်အတူ မြေစိုက်အိမ်လေး တစ်ခုလုံး တဝုန်းဝုန်းဖြင့် သိမ့်သိမ့်ခါအောင် လှုပ်ရမ်းနေသည်ကို မြင်လေသောအခါ သူတို့အားကိုးရသည့် ဆရာဥာဏ်သည် တကယ်ပင် အစွမ်းထက်လှပေစွဟု တွေးတောကာ အထင်ကြီးကြလျက်ရှိကြလေကုန်တော့သည်။


များမကြာမှီ အိမ်လေးသည် တိတ်ဆိတ်ငြိမ်သက်သွားကာ အခန်းထဲမှ တရှုံ့ရှုံ့ ငိုသံနှင့်အတူ ” နင်တို့ နောက်တခါ ငါ့အကြောင်း ကောင်းကောင်းသိမယ်” ဟု စုန်းမက ပြောဆိုလေ၏။ ဆရာ ဘုန်းက ” တယ် ဒီစုန်းမ ခုထိ မထွက်သေးဘူး ငတေရေ အစွမ်းပြလိုက်ပါဦး ” ဟု ပြောလိုက်ရာ စုန်းမလည်း မပူးရဲရှာတော့ပဲ ထွက်ပြေးလေတော့သည်။ …………


တစ်လခန့် ကြာသောအခါဆရာ ဘုန်း အိမ်ရှေ့ကွက်ပျစ်တွင် အဖန်ရည်သောက်နေခိုက် လတစ်ယောက် လေးကန်သော ခြေလှမ်းများဖြင့် ဝင်လာသည်ကိုတွေ့၍ ကြည့်လိုက်ရာ ငတေ ဖြစ်နေတော့သည်။


မျက်တွင်းဟောက်ပက်ဖြင့် ပိန်လှီနေသည်မှာ ငတေမှ ဟုတ်ပါလေစွဟု မနည်းကြည့်ယူရလေသည်။


” ဟ ငတေ ကျသွားလှချည်လား နေမကောင်းဘူးလားဟု မေးရာ ”


” ကောင်းပါတယ် ဆရာ ဒါပေမယ့် ဟိုစုန်းမပေါ့ နောက်ရက်တွေကစပြီး ညတိုင်းကျုပ်မိန်းမကို ဝင်ပူးနေတာလေကျုပ်လည်း ဆရာဘုန်းပေးထားတဲ့နည်းအတိုင်း စုန်းမထွက်အောင်လုပ်တာပေါ့ ”


” ဒါပေမယ့် ဆရာရယ် နောက်ရက်တွေကျတော့ တဖြေးဖြေးနဲ့ တခါနဲ့ မထွက် နှစ်ခါနဲ့မထွက် လူလည်း အရိုးပဲ ရှိတော့ဒယ်ဆရာ။ ”


စုန်းမကလဲခုဆိုအ​ခေါ်​ဝေါ်​တွေ​တောင်ေ​ပြာင်းလို့ သူဝင်​ပူးပြီဆို ခိုခို ” ခိုခို” နဲ့​နေတာဘဲ ‘ ဟု ပြန်ပြောပြလေသတည်း။ :Pထိုအချိန်မှစ၍ ဆရာဘုန်း၏ စုန်းထုတ်နည်းလည်း လူတိုင်း၏ ပါးစပ်ဖျားတွင် ရေပမ်းစားနေလေတော့သတည်း။


#crd

No comments:

Post a Comment