Monday, January 7, 2019

စုန်းထုတ်​တဲ့ည

စုန်းထုတ်​တဲ့ည


ညောင်သာရွာ…ပဲခူးရိုးမ အရှေ့ဘက်ကပ်ရပ်လေးပါပဲ။ မြို့နဲ့လည်း အလှမ်းဝေးတယ်။ တောင်ယာနဲ့ မှိုရှာ မျှစ်ချိုး မီးသွေးဖုတ်တဲ့ အလုပ်ပဲ တစ်ရွာလုံးလိုလို လုပ်ကြတယ်။ ရွာလို့သာ ပြောရတာ တစ်ကယ်တော့ တဲစုသာသာလေးရယ်။ အိမ်ခြေ ၄၀ မပြည့်တပြည့် ရွာတန်းရှည် ရွာလေးပေါ့။


ကျေးလက်ကျန်းမာရေး ဆေးခန်း နတ္တိ။ တစ်ခုခုဖြစ်ပြီဟေ့ဆို ရိုးရာဆေးမြီးတိုနဲ့ကု။အသဲအသန်ဟေ့ဆို ဆောင်ပုခက်နဲ့ ၂၅ မိုင်လောက်ဝေးတဲ့ မြို့ကိုထမ်းပြေးပဲ။ လမ်းတစ်ဝက်တင် ပြန်လှည့်လာရတဲ့ မသာတွေလည်း ရှိပေါ့။ အဲ့လောက်ခေါင်တာ။ အဓိက ဒုက္ခပေးတာက ငှက်ဖျား။ အဲ့ဒီ့ ငှက်ဖျားဆိုတဲ့ကောင်ကလည်း တစ်ရွာလုံးနဲ့ အမျိုးစပ်ထားသလား အောက်မေ့ရဒယ်။ မွေးစကနေ အဘိုးကြီး အဘွားကြီးတွေထိ ငှက်ဖျားရှိဆိုပဲ။


ထားပါတော့ အခုပြောချင်တာက ငှက်ဖျားရောဂါအကြောင်း မဟုတ်ပါဘူး။ ထူးထူးဆန်းဆန်းဖြစ်ပျက်ခဲ့တဲ့ သဘာဝလွန်ဖြစ်ရပ်လေးတစ်ခုအကြောင်းပါ။ ဖြစ်ခဲ့တာကတော့ ၄ နှစ်လောက်ရှိပြီး။ ဒါပေမယ့် ညောင်သာရွာမှာတော့ အခုထိ စမြှုပ်ပြန်ကောင်းတုန်းဖြစ်ရပ်လေး။


ဇာတ်လမ်းအစက ဂလို ဂလို…ငတေနဲ့ မိလေးသည်အိမ်ထောင်ကျတာ ၆ နှစ်ရှိပြီ။ သားသမီးကတော့ မထွန်းကားသေးဘူး။ ငတေ ကမိလေးသည်ထက် အသက်၃နှစ်ပိုကြီးတယ်။ မိလေးသည်အသက်က ၂၅ ပေါ့။ ယောက်ျားက မီးသွေးဖုတ်တယ်။ ရာသီချိန်ဆို ငွေယားလေးအတန်သင့် အဆင်ပြေတာပေါ့။


မိလေးသည်ကလည်း အငြိမ်မနေဘူး။ တောထဲသွားပြီး မှိုရှာ မျှစ်ချိုး စားလို့ရတာအကုန်ဆွတ်ပေါ့။


တစ်နေ့ ငတေ မီးသွေးဖိုကနေ ပြန်အလာ အိမ်ရောက်တော့ တစ်ဟင်းဟင်းနဲ့ ငြီးနေတဲ့ မိလေးသည်ကိုတွေ့လိုက်တယ်။ ထုံးစံအတိုင်း ငှက်ဖျားတက်ပြန်ပြီ ထင်ပြီး ” မိလေးသည်ရေ ငှက်ထပြန်ဘီလား နနွင်းလုံးသောက်ပြီး ဆောင်ခြုံကွေးနေလိုက် ငါ ထမင်းအိုးတည်ထားလိုက်မယ်” ဟု ပြောလိုက်ပြီး နောက်ဖေး မီးဖိုချောင်ဖက် ဆက်အသွား ” ဟဲ့မသာကောင် ငှက်ဖျားထတာမဟုတ်ဘူး ငါ နင့်မိန်းမကို မကျေနပ်လို့ ဝင်ပူးနေတာဟဲ့ ” ဆိုတဲ့ သူ့မိန်းမအသံမဟုတ်တဲ့ မိန်းမအသံကြားလိုက်ရပါလေရော။


ငတေ ပြာပြီလေ။ ဟုတ်တယ် ပြာဆို သူ့ဘဝမှာ ဒါပထမဆုံး ကြုံးဖူးတာပဲ။ တော်ထဲတောင်ထဲမှာ မီးသွေးဖုတ်ဖို့ ထင်းခုတ် ဘာခုတ် လုပ်နေတုန်းက တောခြောက်တာတွေ သရဲလိုလို ဘာလိုလိုတွေတော့ကြုံဘူးတာပေါ့။ ဒါမယ့် ခုလို ဝင်ပူးတာမျိုးမကြုံဘူးတော့ငတေပြာတာ အဆန်းလား။


ငတေတစ်ယောက် ခြေမကိုင်မိ လက်မကိုင်မိ ကတုန်ကရင်နဲ့ မေးရှာတယ်။ ” ဘာ..ဘာ..ဘာလို့ ဝင်ပူးတာလဲဟမ်”” မကျေနပ်လို့ဟေ့ မကျေနပ်လို့”


” ဟုတ်..ဟုတ်ကဲ့ ကျေနပ်အောင်ဘာလုပ်ပေးရမလဲဟင်”


” ငါကို ကြက်သားဟင်း နဲ့ ထမင်းကျွေးပြီးတော့ တောင်းပန်မှ ကျေနပ်နိုင်မယ်”


ငတေ တင်းသွားပြီလေ။ ဟုတ်တယ် သူတို့လင်မယားတောင် မှိုလိုလို ချဉ်ပေါင်ကြော်လိုလိုနဲ့ နှစ်ပါးသွားနေရတာ။ ခုတော့ ကြက်သားဟင်းချက်ကျွေးရမယ်ဆိုတော့ တင်းဘီ။ ဒါမယ့် ငတေက လူလည်။


လည်လို့လည်း တောင်ယာမခုတ်ပဲ ငွေရလွယ်တဲ့ မီးသွေးဖုတ်နေတာသာကြည့်တော့။ စိတ်ထဲက တင်းသွားပေမယ့် အချိုသတ်ပြီး ” ဟုတ်ကဲ့ ဒါဆို ရွာထဲသွားပြီး ကြက်သွားရှာလိုက်ဦးမယ် ခဏစောင့်နော်” ဆိုပြီး ရွာထဲ သုတ်ခြေတင်ပြေးပါလေရော။


ကြက်ရှာတယ်လို့တော့ မထင်နဲ့ ကြက်ဆိုတာ မြို့မှာသာပေါတာ ရွာမှာအရှားသားလေ။ ( တောင်တွေးမြောက်တွေး မတွေးနဲ့ ဟင်းချက်စားတဲ့ ကြက်ကိုပြောတာ။ ဟုတ်တယ်မြို့မှာက ဈေးထဲပြေးဝယ်လိုက်ရုံ။ ရွာမှာက လိုက်ဝယ်လည်း ရောင်းချင်မှရောင်းတာမျိုး)


ငတေ ပြေးတာက တိုင်းရင်းဆေးဆရာလို စုန်းကုနတ်ကုလိုလို ဘာမှန်းမသိတဲ့ ဆရာ အောင်ဘုန်းဆီ ပြေးတာ။ ဆရာဘုန်းဆိုတာက သူတို့ရွာတင်မဟုတ် ဒီတောင်ခြေတစ်ကြောလုံးရဲ့ တစ်ဦးတည်းသောဆေးဆရာ။


ဗေဒင် ယတြာလေးကလည်း နည်းနည်းပါးပါးရသေးး။ ရိုးရိုး အဖျားတင်မဟုတ် ပယောဂလည်း ကြုံရင် ကြုံသလို ကုလိုက်သေးတယ်။ သူကုလိုက်လို့ သေသွားတဲ့ မသာတွေလည်း သူ့ဘာသူတောင် မမှတ်မိ။ အဲ့လောက် အစွမ်းထက်တာ။ ဒါဖြင့် ဘာလို့ လူတွေက ကုနေကြတာလည်းလို့မေးစရာရှိမယ်။ ဟုတ်ကဲ့ သူနဲ့မကုလည်း ဒီတိုင်းပဲ အသေခံရုံဆိုတော့ ရလိုရငြား အားကိုးကြရတာပဲ ဆိုပါတော့။


ငတေ ဆရာဘုန်း အိမ်ထဲပြေးဝင်ပြီး ” ဆြာဘုန်းဆြာဘုန်း လုပ်ပါဦး ကျနော့်မိန်းမကို ဝင်ပူးနေလို့ ”


” ဟေ ဘာဝင်ပူးတာတုန်း သရဲလား ၊ ဖုတ်လား၊ စုန်းလား” ပေါ့

ဟုတ်သား သူ ထူပူပြီး ဘယ်သူဝင်ပူးတာလဲတောင် မမေးခဲ့ရ။ ” ကျုပ် မမေးခဲ့ရဘူး ဆြာ ၊ ကြာပါဒယ်ဗျာ ရောက်မှသာမေးတော့၊ သေချာတာကတော့ ကျုပ်မိန်းမအသံမဟုတ်တဲ့ မိန်းမအသံကြီးဗျာ”


” ဟုတ်ပြီလေ ဒါမျိုးက မခက်ပါဘူး။ မင်းမိန်းမ ဘာမှားခဲ့လို့ ဝင်ပူးတာလဲမသိဘူး၊ ရောက်မှမေးပြီး သူကျေနပ်အောင်တောင်းပန်လိုက်ရင်ပြီးတာပဲ”ဟု ဆရာဘုန်း ကပြောလိုက်ရာ ငတေက ” ဟာအဲ့ဒါတော့ မဖြစ်ဘူး မတောင်းပန်ချင်ဘူးဗျာ၊ ဘယ့်နယ် တင်တင်စီးစီး သူ့ကို ကြက်သားချက်ကျွေးရမယ်ဆိုပဲ၊ ကိုယ်တောင် ချက်မစားနိုင်တာ” ” ပြီးတော့ ကျုပ်လာတာက အဲ့ဒါကို မကျေနပ်လို့ ဆရာ့ဥာဏ့် ပညာစွမ်းနဲ့ ဆုံးမ ခိုင်းမို့လာတာဗျ”


ဟိုက် ခက်ဘီ ကိုယ်က အထက်လမ်း၊အောက်လမ်းဆရာ အစစ်ကြီးမဟုတ်။တတ်ယောင်ဝါး စားကောင်းသောက်ကောင်း လျှောက်ရမ်းကုနေတာခုတော့ မထူးပါဘူး လိုက်မသွားလျှင်လည်း ငတေ က လျှောက်ပြောလို့ သူ့စားပေါက်ပိတ်သွားနိုင်သည်။့” အေးးအေး ကောင်းဘီလေ ဒါဆိုလည်း ခုလိုက်ရတာပေါ့” လို့ ခပ်တည်တည်ပင် ဆရာဘုန်း က ပြောလိုက်သည်။


ထို့နောက် သူသွားလေရာ ဆောင်သွားသည့် ဆေးလွယ်အိတ်ကိုယူပြီး ငတေ အိမ်ရှိရာသို့ သွားလေရာ ငတေမှာ ဆ ရာဘုန်း အားကိုးဖြင့် ခေါင်းမော့ရင်ကော့လို့။


ငတေအိမ်သို့ရောက်လေသော် မိလေးသည်တစ်ဖြစ်လဲ ဝင်ပူးသူ ပွဲကြမ်းကာဆူညံနေသဖြင့် ပတ်ဝန်းကျင်မှာ လူများမှာလည်း စုစု စုစုဖြင့် ငတေအိမ်ရှေ့တွင်ရောက်နေလေပြီ။


ဆရာဘုန်းတို့နှစ်ယောက် အိမ်ထဲဝင်လေသည်နှင့် နောက်ကနေ လိုက်ဝင်လာကြလေသည်။


” ငတေ. ငတေ… နင့်ကိုယ်နင်လည်လှပြီ ထင်နေလား၊ ငါအကုန်သိတယ်ဟဲ့ နင်ကြက်မဝယ်ပဲ ဆရာသွားခေါ်တယ်ဆိုတာ ဟင်းဟင်ဟင်း၊ နင်အားကိုးတဲ့ဆရာ ဘယ်လောက်စွမ်းလည်း ကြည့်မဟဲ့ ပြီးမှ နင့်မိန်းမကို ရူးအောင် လုပ်ပလိုက်မယ် ဟွင်းဟွင်း” ဟုဆီး၍ပြောလေရာ ဆရာဘုန်း ပါးစပ်အဟောင်းသားဖြစ်သွားလေ၏။


ဆရာဘုန်းလည်းသူတကယ်မနိုင်ဘူးဆိုတာသိ၍ နံဘေးမှာ လူများအား” ဘာကြည့်နေတာလဲ ချုပ်ကြစမ်း ဒင်းကို ၊ ပြီးမှ ငါဆုံးမပြမယ် ” ဟု ပြောလေရာ ငတေ အပါအဝင် လူ လေးငါးယောက်ဝိုင်းချုပ်၍ လက်နှစ်ဖက်ကို ကြိုးဖြင့်တုပ်ကြလေ၏။


ကြိုးတုပ်ပြီးသော် “ဆရာဘုန်းက အိမ်ဦးခန်းတွင် ထိုင်၍ ” ကဲ ငါ့ရှေ့ခေါ်ခဲ့စမ်းဒင်းကို ”


” ကဲ နင်ဘယ်သူလဲ မှန်မှန်ပြော ” ဟု ဆရာဘုန်း အမေးကို ” နင်က ဘာကောင်မို့ပြောရမှာလဲ” ဟု ပြန်ပက်လေ၏။ ဆရာဘုန်းလည်းနာမည်နှင့်လိုက်အောင် ဥာဏ်သုံးမှ ဖြစ်တော့မည်ဟုတွေးကာ ” ကောင်းပြီ အေးအေးဆေးဆေး ပြောကြတာပေါ့ နင်ဘယ်သူ လဲဆိုတာ ငါ့ကိုပြော၊ ဒါမှ ငါတို့က နင့်ကို ဘာလုပ်ပေးနိုင်မယ်ဆိုတာ သိမှာပေါ့ ” ဟု အချိုသတ် မေးလေမှ ” ငါက စုန်းဟဲ့။ စုန်းတောင် ရိုးရိုးအောက်တန်းစားစုန်းမဟုတ်ဘူး၊ တိမ်ညွန့်စားတဲ့စုန်း” ဟု ဖြေလေသည်။


” နင် ဘာမကျေပ်နပ်လို့ ဝင်ပူးတာလဲ “” ဒီကောင်မပေါ့ ငါတွေ့ထားတဲ့ မှိုကျင်းကို ဝင်နှုတ်သွားတာလေ ငါ့ဖို့ ဟင်းစားတောင် မချန်ခဲ့ဘူး၊ ကောင်မ လူပါးဝတာလေ ” ဟု ပြောလေသည်။


ဆရာဘုန်း က” နင့်အသက်ဘယ်လောက်ရှိပြီလဲ”” ငါ့ အသက်က ၃၂နှစ် အသက်ငယ်လို့ ပညာနုမယ်တော့ မထင်လိုက်နဲ့ စုန်းသက်ကလည်း ၃၂ နှစ်ပဲ ၊ ငါက ဝမ်းတွင်းစုန်းဟဲ့ ဟင်းဟင်းဟင်း” ဟု ဂုဏ်ယူလေသော အသံဖြင့်ပြောလေ၏။


” အေး သူမှားတယ်ဆိုလည်း တောင်းပန်ပါတယ် သူ့ကိုတော့မနှောက်ယှက်ပါတော့နဲ့ ပြန်ထွက်ပေးပါ” ဟု ဆရာဘုန်း က ပြောလေရာ ” မထွက်နိုင်ဘူး ငါစားချင်တာ မကျွေးမချင်း သေတောင်မထွက်ဘူး” ဟုပြောလေရာ ဆရာဘုန်း လည်း ငတေအားကြည့်လိုက်မိသည်။


ငတေက ပုခုန်းတွန့်၍ ခေါင်းခါပြသည်ကို မြင်လေရာ ” ဒုက္ခပဲ ငါတော့ ဒီစုန်းမကို ငါ့ပညာဖြင့် ထွက်အောင်မလုပ်နိုင်လျှင် အရှက်တော့ကွဲတော့မည်ဟု တွေးပြီးသကာလ။ ဆရာ ဥာဏ် ညစ်ကျယ်ကျယ် ပြုံးလိုက်ကာ ” ဟဲ့ ကောင်မ သူတို့က နင့်ကို မကျွေးနိုင်ဘူး၊ဒီတော့ နင် ထွက်မလား မထွက်ဘူးလား” ဟု ငေါက်လေရာ ” မထွက်ဘူး သေတောင်မထွက်ဘူး ”


” ကောင်းပြီလေ နင်မထွက်လည်း ငါ့ပညာစွမ်းနဲ့ ထွက်အောင် လုပ်ရမှာပေါ့ ဟင်းဟင်းဟင်း ” ထို့နောက် ဆရာဘုန်း က ဝိုင်းအုံကြည့်နေသော လူတွေဘက်သို့လှည့်၍ ” ကဲ ငါ့ပညာနဲ့ ဒီစုန်းမကိုဆုံးမရမယ်၊ ဒါပေမယ့် ပညာထုတ်သုံးတဲ့အချိန်မှာ ဘေးလူတွေ ကြည်လို့မရဘူး ဒီတော့ ဝိုင်းအပြင်ထွက်ပေးကြပါ ” ဟုပြောလေရာ လူအများလည်း ခေါင်းညိတ်၍ မထွက်ချင် ထွက်ချင်ဖြင့် ခြံပြင်သို့ ထွက်သွားကြကုန်လေသည်။


အိမ်ထဲတွင်သူနှင့် ငတေသာ ကျန်လေသောအခါမှ ဆရာဘုန်း က” ငတေ ငါ့နားလာစမ်း ” ဟု ခေါ်လိုက်ကာ ငတေ အနားရောက်လာလေလျင် နားနားသို့ကပ်၍ တိုးတိုး တိုးတိုးဖြင့်ပြောလေ၏။ ငတေက ” ဟာ ဖြစ်ပမလားဆရာ ”


” ဖြစ်ပါဒယ်ကွာ ဒါမျိုးတွေ ကြုံလာတာ ငါအံတိုနေဘီ” ဟု သူ၏ ကွမ်းချိုးအထပ်ထပ်တက်နေသော သွားတွေပေါ်အောင်ပြုံးလိုက်လေ၏။


ငတေလည်း ကြိုးတုပ်ထားသော မိလေးသည် ကိုအတင်းဆွဲထမ်း၍ အိပ်ခန်းထဲသို့ ခေါ်သွားလေရာ


” ဟင် နင်ငါ့ကို ဘာလုပ်မလို့လဲ လွှတ်စမ်း ခုလွှတ် လွှတ်ဆို လွှတ်နော် ” ဟု စုန်းမက ပြောလေရာ ဆရာဘုန်း က


” ဟား ဟားးး မလွှတ်ဘူးနဲ့ဟေ့ မလွှတ်နဲ့ ငတေ ။” ဟု ရယ်ရင်း ပြောလိုက်လေ၏။


အိမ်ရှေ့တွင် ရပ်၍ အခြေနေစောင့်ကြည့်နေသောရွာသားများမှာ အိမ်ထဲမှ ငတေ၏ ” ငါ့မိန်းမကို ဝင်ပူးတဲ့ စုန်းမ မှတ်ပြီလားကွ ” ဟု ကြွေးကြော်သံနှင့်အတူ မြေစိုက်အိမ်လေး တစ်ခုလုံး တဝုန်းဝုန်းဖြင့် သိမ့်သိမ့်ခါအောင် လှုပ်ရမ်းနေသည်ကို မြင်လေသောအခါ သူတို့အားကိုးရသည့် ဆရာဥာဏ်သည် တကယ်ပင် အစွမ်းထက်လှပေစွဟု တွေးတောကာ အထင်ကြီးကြလျက်ရှိကြလေကုန်တော့သည်။


များမကြာမှီ အိမ်လေးသည် တိတ်ဆိတ်ငြိမ်သက်သွားကာ အခန်းထဲမှ တရှုံ့ရှုံ့ ငိုသံနှင့်အတူ ” နင်တို့ နောက်တခါ ငါ့အကြောင်း ကောင်းကောင်းသိမယ်” ဟု စုန်းမက ပြောဆိုလေ၏။ ဆရာ ဘုန်းက ” တယ် ဒီစုန်းမ ခုထိ မထွက်သေးဘူး ငတေရေ အစွမ်းပြလိုက်ပါဦး ” ဟု ပြောလိုက်ရာ စုန်းမလည်း မပူးရဲရှာတော့ပဲ ထွက်ပြေးလေတော့သည်။ …………


တစ်လခန့် ကြာသောအခါဆရာ ဘုန်း အိမ်ရှေ့ကွက်ပျစ်တွင် အဖန်ရည်သောက်နေခိုက် လတစ်ယောက် လေးကန်သော ခြေလှမ်းများဖြင့် ဝင်လာသည်ကိုတွေ့၍ ကြည့်လိုက်ရာ ငတေ ဖြစ်နေတော့သည်။


မျက်တွင်းဟောက်ပက်ဖြင့် ပိန်လှီနေသည်မှာ ငတေမှ ဟုတ်ပါလေစွဟု မနည်းကြည့်ယူရလေသည်။


” ဟ ငတေ ကျသွားလှချည်လား နေမကောင်းဘူးလားဟု မေးရာ ”


” ကောင်းပါတယ် ဆရာ ဒါပေမယ့် ဟိုစုန်းမပေါ့ နောက်ရက်တွေကစပြီး ညတိုင်းကျုပ်မိန်းမကို ဝင်ပူးနေတာလေကျုပ်လည်း ဆရာဘုန်းပေးထားတဲ့နည်းအတိုင်း စုန်းမထွက်အောင်လုပ်တာပေါ့ ”


” ဒါပေမယ့် ဆရာရယ် နောက်ရက်တွေကျတော့ တဖြေးဖြေးနဲ့ တခါနဲ့ မထွက် နှစ်ခါနဲ့မထွက် လူလည်း အရိုးပဲ ရှိတော့ဒယ်ဆရာ။ ”


စုန်းမကလဲခုဆိုအ​ခေါ်​ဝေါ်​တွေ​တောင်ေ​ပြာင်းလို့ သူဝင်​ပူးပြီဆို ခိုခို ” ခိုခို” နဲ့​နေတာဘဲ ‘ ဟု ပြန်ပြောပြလေသတည်း။ :Pထိုအချိန်မှစ၍ ဆရာဘုန်း၏ စုန်းထုတ်နည်းလည်း လူတိုင်း၏ ပါးစပ်ဖျားတွင် ရေပမ်းစားနေလေတော့သတည်း။


#crd

Sunday, January 6, 2019

အမှန်

အမှန်

ယော့က်ျားဆိုတာ တစ်ခါ ဆင်းရဲသွားရုံနဲ့
ဘယ်သူက ကိုယ့်ကိုယ်တကယ်ချစ်မှန်း သိသွားတယ်။
မိန်းမဆိုတာ တစ်ခါ ရုပ်ဆိုးသွားရုံနဲ့
ဘယ်သူက ကိုယ့်ကို ခွဲလို့ မရမှန်းသိသွားတယ်။
လူဆိုတာ တစ်ခါလောက် စီးပွားပျက်ကြည့်ရုံနဲ့
ဘယ်သူက ကိုယ့်ကို စေတနာထားမှန်း သိသွားတယ်။
အတူတကွဆိုတာ ငွေကြေးချမ်းသာမှ မဟုတ်ပါ။
တန်ဖိုးထားတယ်ဆိုတာ လှပ ချောမောနေမှ မဟုတ်ပါ။
အချိန်ကြောင့် ကျန်ခဲ့တဲ့ အရာတွေထဲမှာ.. ငွေကြေးမဟုတ်ပါ။ လှပခြင်းလည်း မဟုတ်ပါ။ အစစ်အမှန်အားလုံး ကျန်ခဲ့ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ၊ မေတ္တာကို မတိုးပွားစေနိုင်ပေမဲ့
စိတ်ထားအစစ်အမှန်ကိုတော့၊ တကယ်စီစစ်သွားပါတယ်။
ငါ့မှာပန်းသီးတစ်လုံးရှိတယ်။
မင်းကိုတစ်ဝက်ကျွေးမယ်၊ ငါတစ်ဝက်စားမယ်၊
ဒါ သူငယ်ချင်းတဲ့။
ငါ တစ်ခြမ်းပဲ ကိုက်မယ်၊ ကျန်တာအားလုံး မင်းကိုပေးမယ်၊
ဒါ အချစ်တဲ့။
ငါ တစ်ချက်မှ မစားရက်ဘူး၊ အားလုံးပဲ ပေးလိုက်မယ်၊
ဒါ မိဘတဲ့။
ငါက ပန်းသီးကို ဖွက်ထားလိုက်မယ်၊
ဗိုက်ဆာပြီဗိုက်ဆာပြီ ဆိုတာလည်း ပါးစပ်က အော်နေမယ်၊
ဒါ လောကကြီးတဲ့...။
Credit: Sayar Aung Ko Latt

မထူးသော်လဲ ဆန်းနေသောဖြစ်ရပ်များ

မထူးသော်လဲ ဆန်းနေသောဖြစ်ရပ်များ
📎📎📎📎📎📎📎📎📎📎📎
🐱အဗရာဟင်လင်ကွန်း (Abraham Lincoln) ကို ၁၈၄၆-တွင် ကွန်ကရက်မှ ရွေးကောက်ခဲ့သည်။
ဂျွန်အက်ဖ် ကနေဒီ (John.F. Kennedy)ကို ၁၉၄၆-တွင် ကွန်ကရက်မှ ရွေးကောက်ခဲ့သည်။
အေဗရာဟင် လင်ကွန်းသည် အမေရိကန်သမ္မတအဖြစ် ၁၈၆၀-တွင် ရွေးကောက်တင်မြှောက်ခြင်း ခံရသည်။
ဂျွန်အက်ဖ် ကနေဒီသည် အမေရိကန်သမ္မတအဖြစ် ၁၉၆၀-တွင် ရွေးကောက်တင်မြှောက်ခြင်း ခံရ သည်။
သူတို့နှစ်ဦးလုံးသည်...ပြည်သူ့အခွင့်အရေးကို ဦးစားပေးသည်။
သူတို့နှစ်ဦးလုံးသည်...အိမ်ဖြူတော်မှာနေစဉ် ကလေးဆုံးရှုံးခဲ့ကြရသည်။
သူတို့နှစ်ဦးလုံးသည်...ဦးခေါင်းကိုသေနတ်ဖြင့်အပစ်ခံရပြီး လုပ်ကြံခံခဲ့ရသည်။
သူတို့နှစ်ဦးလုံးသည်..သောကြာနေ့တွင် လုပ်ကြံ ခံခဲ့ကြရသည်။
ပို၍ထူးခြားသည်မှာ..လင်ကွန်းအတွင်းရေးမှူး၏ နာမည်သည် ကနေဒီဖြစ်ပြီး...ကနေဒီ၏အတွင်းရေး မှူးနာမည်မှာ လင်ကွန်းဖြစ်နေခြင်းပင်။
သူတို့နှစ်ဦးလုံးကို တောင်ပိုင်းသားများက လုပ်ကြံသတ်ဖြတ်ခဲ့သည်။
သူတို့နှစ်ဦးလုံး၏နေရာကို ဆက်ခံသူများမှာလည်း တောင်ပိုင်းသားများ ဖြစ်ကြသည်။
လင်ကွန်းနေရာဆက်ခံသူ အင်ဒရူးဂျွန်ဆင် (Andrew Johnson)ကို ၁၈၀၈-တွင် မွေးဖွားခဲ့ သည်။
ကနေဒီနေရာဆက်ခံသူ Lyndon Johnson ကို ၁၉၀၈-တွင် မွေးဖွားခဲ့သည်။
လင်ကွန်းကိုလုပ်ကြံသူ John Wikes Booth ကို ၁၈၃၉-တွင် မွေးဖွားခဲ့သည်။
ကနေဒီလုပ်ကြံခဲ့သူ Hawey Oswald ကို ၁၉၃၉-တွင် မွေးဖွားခဲ့သည်။
သူတို့နှစ်ဦးလုံး၏ နာမည်သုံးလုံးတွင် အက္ခရာ ၁၅ လုံးရှိနေကြသည်။
လင်ကွန်းက DK Fasd အမည်ရှိ ပြဇာတ်ရုံတွင် လုပ်ကြံခံရပြီး..ကနေဒီကတော့ DK Fasd ကားကုမ္ပဏီမှထုတ်သော Lincolm အမည်ရှိ ကားပေါ် တွင် လုပ်ကြံခံခဲ့ရသည်။
သမ္မတလင်ကွန်းသည် ပြဇာတ်ရုံတွင် အပစ်ခံရပြီး ၎င်းင်းကိုလုပ်ကြံသူသည် ဂိုထောင်တစ်ခုထဲသို့ ပြေးပုန်းခဲ့သည်။
သမ္မတ ကနေဒီကို ဂိုထောင်တစ်ခုထဲမှလှမ်းပစ်လုပ်ကြံပြီး လုပ်ကြံသူသည် ပြဇာတ်ရုံထဲသို့ ပြေးပုန်းခဲ့သည်။
သမ္မတနှစ်ဦးလုံးကို လုပ်ကြံခဲ့သူ Booth နှင့် Oswald သည် တရားရုံ၌တရားရင်မဆိုင်မီ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။
လင်ကွန်းလုပ်ကြံမခံရမီ တပတ်အလိုတွင် Monsoo Masy Land ဟုအမည်ရသော နေရာ တွင် ရှိနေခဲ့သည်။
ကနေဒီ လုပ်ကြံမခံရမီ တပတ်အလိုတွင် ရုပ်ရှင်မင်းသမီး အဆိုတော် Masilyn Monsooနှင့် အတူရှိနေခဲ့သည်။
(ယနေ့ဖတ်မိသော မစိုးရိမ်ဆရာတော် ဦးရာဇဓမ္မ၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ စာအုပ်မှ တွေ့မိပါသဖြင့် မျှဝေပါသည်။)

#Credit 

ပြည်တွင်းစစ်နဲ့ တိုက်လေယာဉ်အသုံးပြုမှု

ပြည်တွင်းစစ်နဲ့ တိုက်လေယာဉ်အသုံးပြုမှု
========================
 မြန်မာ့တပ်မတော်က ပြည်တွင်းသောင်းကျန်းမှုနှိမ်နှင်းရေးမှာ တိုက်လေယာဉ်တွေ အသုံးပြုတာ law of war နိုင်ငံတကာဥပဒေတွေကို ဖောက်ဖျက်ရာမကျပါဘူး။ စစ်ပွဲဆိုင်ရာဥပဒေတွေနဲ့ ပက်သက်ရင် နားလည်မှုလွဲနေကြတာတွေရှိပါတယ်။ ဥပမာ လေထီးဆင်းလာတဲ့ရန်သူ့လေထီးတပ်သားတွေ မြေပြင်ကိုမရောက်ခင် မိမိကပစ်ခတ်တိုက်ခိုက်ခြင်းမပြုရ ဆိုတဲ့အချက်မျိုးဖြစ်ပါတယ်။ အမှန်က လေကြောင်းချီတပ်တွေလေထီးဆင်းလာရင် လေထဲမှာရှိနေတုန်း မိမိကပစ်ခတ်တိုက်ခိုက်လို့ရပါတယ်။ လေယာဉ်ပျက်ပြီး လေထီးနဲ့ခုန်ဆင်းလာသူမျိုးတွေကိုသာ လေထဲရှိနေစဉ်မှာ ပစ်ခတ်သတ်ဖြတ်ခွင့် မရှိတာဖြစ်ပါတယ်။ ဒါနဲ့ပက်သက်ရင် Geneva Convention ရဲ့ Additional Protocol 1 article 41-1 နဲ့ 41-3 မှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။ ဒီလိုအမှတ်မှားမှုတွေ ရှိနေရာကနေတဆင့် ''ပြည်တွင်းစစ်မှာ တိုက်လေယာဉ်မသုံးရ'' ဆိုတဲ့ အယူအဆအမှားဟာလည်း ပေါ်ထွက်လာခဲ့ပုံရပါတယ်။ ဒါကြောင့် ပြည်တွင်းစစ်မှာ တိုက်လေယာဉ်/ တိုက်ခိုက်ရေးရဟတ်ယာဉ် သုံးလို့ရလားဆိုတာကို ရှင်းလင်းတင်ပြလိုပါတယ်။ ဒါနဲ့ပက်သက်ပြီးပြောရရင် ပြည်တွင်းစစ်ဆိုတာကို စရှင်းပြရပါမယ်။ ပထမအချက်ကတော့ Law of War တွေမှာ ပြည်တွင်းစစ် civil war လို့ သုံးနှုန်းတာ လုံးဝမရှိပါဘူး။ International armed conflict နိုင်ငံတကာလက်နက်ကိုင်ပဋိပက္ခနဲ့ non international armed conflict /internal armed conflict နိုင်ငံတကာပါဝင်မှုမရှိတဲ့လက်နက်ကိုင် ပဋိပက္ခ/ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ လို့ဘဲ တရားဝင်သုံးနှုန်းပါတယ်။ တရားဝင်ရပ်တည်တဲ့ အစိုးရ legitimate government ရဲ့ တရားဝင် တပ်မတော်ကို ဆန့်ကျင်တိုက်ခိုက်ခိုက်တဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ ဖြစ်ပွားတဲ့ပဋိပက္ခတွေကို non international armed conflict/ internal armed conflict လို့ပဲ သတ်မှတ်ထားပါတယ်။ Non international armed conflict ဖြစ်တဲ့ ပြည်တွင်းသောင်းကျန်းမှုမှာ Additional Protocol 1 ရဲ့ Article 43-1 အရ တရားဝင်တပ်မတော်တစ်ရပ်ရော သောင်းကျန်းသူအဖွဲ့များဟာ international law တွေကို လိုက်နာရမှာ ဖြစ်ပါတယ်။ ဒါကြောင့် Non international armed conflict ပက်သက်ရင်လည်း Geneva Convention နဲ့ additional protocol တွေအပါအဝင် law of war နဲ့ IHL- International Humanitarian Law တွေမှာ ဘာမှများများစားစား သီးသန့် ဖော်ပြထားတာမရှိပါဘူး။ Non international armed conflict နဲ့ပက်သက်ပြီး Additional.Protocol II လို့ လူသိများတဲ့ the Protection of Victims of Non-International Armed Conflicts (Protocol II), Protocol Additional to the Geneva Conventions တစ်ခုမှာပဲ သီးခြားဖော်ပြထားတာရှိပါတယ်။ ဒီ protocol ကလည်း စစ်ဘေးဒဏ်ခံရသူတွေကို အကာအကွယ် ပေးနိုင်ရေးအတွက်သာ ရည်ရွယ်ထားတာဖြစ်ပါတယ်။ ၁၉၄၉ ဂျနီဗာကွန်ဗင်းရှင်း 3 ရဲ့ Article 3 မှာတော့ non international armed conflict မှာ စစ်သုံ့ပန်း၊ ဒဏ်ရာရသူ၊ နာမကျန်းသူတွေနဲ့ ပက်သက်ပြီး ဘယ်လိုဆောင်ရွက်/လိုက်နာရမလဲဆိုတာကို ဖော်ပြထားပါတယ်။ လက်နက်နဲ့ပက်သက်ရင်တော့ non international armed conflict မှာ သာမက international armed conflict တွေမှာတောင် ''ဘယ်လက်နက်မသုံးရဘူး'' လို့တိတိကျကျသတ်သတ်မှတ်မှတ် ပိတ်ပင်ထားတာ တစ်ခုမှမရှိပါဘူး။ Additional Protocol 1 ရဲ့ Article 35-2 မှာတော့ ''အလွန်အမင်းထိခိုက်ပျက်စီးစေနိုင်မဲ့ လက်နက်တွေ/ နည်းလမ်းတွေ/ ပစ္စည်းတွေ မသုံးရ'' လို့ ပိတ်ပင် တားမြစ်ထားတာ တွေ့ရပါတယ်။ ၁၉၈၀ မှာ ထုတ်ပြန်ခဲ့တဲ့ CCW လို့ခေါ်တဲ့ Convention on Prohibitions or Restrictions on the Use of Certain Conventional Weapons Which May be Deemed to be Excessively Injurious or to Have Indiscriminate Effects (ဆိုးရွားစွာ ထိခိုက်ပျက်စီးစေနိုင်တဲ့ သမားရိုးကျ လက်နက်များ ပိတ်ပင်ကန့်သတ်ရေးကွန်ဗင်းရှင်း) မှာလည်း တိုက်လေယာဉ် အသုံးပြုတာနဲ့ပက်သက်ပြီး ပိတ်ပင်ထားတာ မရှိပါဘူး။ လက်နက်အသုံးပြုမှုပိတ်ပင်တာနဲ့ပက်သက်ရင် WMD ပိတ်ပင်တာ၊ မိုင်း/ထောင်ချောက်/မျက်စိကန်းစေတဲ့လေဆာ စတာတွေပိတ်ပင်တာ၊ မီးလောင်ဗုံးနဲ့ ကလပ်စတာဗုံး ပိတ်ပင်တာ စတာတွေသာ ရှိပါတယ်။ Convention on Cluster Munitions ၊ Ottawa Treaty စတာတွေဖြစ်ပါတယ်။ မိုင်းအသုံးပြုမှုကိုတောင် လုံးဝပိတ်ပင်တာမဟုတ်ဘဲ သတ်မှတ်ချက်အတိုင်းအသုံးပြုဖို့သာ ပိတ်ပင်ထားတာ ဖြစ်ပါတယ်။ နိုင်ငံတကာ ကွန်ဗင်းရှင်းအားလုံးရဲ့ရည်ရွယ်ချက်က အဆင်အခြင်မဲ့ တိုက်ခိုက်ခြင်းမပြုရေး၊ အစုအပြုံလိုက် သေစေနိုင်မဲ့ လက်နက်များ အသုံးမပြုရေး၊ ထိခိုက်ဒဏ်ရာရ/ တိုက်ပွဲမဝင်နိုင်တဲ့ စစ်သည်များကို အကာအကွယ်ပေးရေး၊ ပြည်သူများကို အကာအကွယ်ပေးရေး စတဲ့ အချက်များကို ဦးတည်ပါတယ်။ အားလုံးကို ခြုံကြည့်ရင်တော့ . . . ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခမှာ တိုက်လေယာဉ်/ လေကြောင်းတိုက်ခိုက်မှု မလုပ်ရဘူးလို့ . . . သတ်မှတ်ထားတာ လုံးဝမရှိတာ တွေ့ရပါတယ်။ ဒါကြောင့် ပြည်တွင်းသောင်းကျန်းမှုနှိမ်နှင်းရေးမှာ မြန်မာ့တပ်မတော်က တိုက်လေယာဉ်/တိုက်ခိုက်ရေးရဟတ်ယာဉ်တွေ သုံးတာဟာ Geneva Conventions တွေအပါအဝင် နိုင်ငံတကာ စစ်ပွဲဆိုင်ရာဥပဒေများနဲ့ အကြုံးဝင်ပါတယ်။ ဥပဒေချိုးဖောက်မှု လုံးဝမဟုတ်ပါဘူး။ တကယ်လို့ တပ်မတော်က တိုက်လေယာဉ်/ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့ လူနေမြို့ရွာတွေကို အကြောင်းမဲ့ သက်သက်ဗုံးကြဲ/ပစ်ခတ် တိုက်ခိုက်ခဲ့ရင်၊ ဒါမှမဟုတ် မြို့ရွာတွေထဲက ပြည်သူတွေကိုပါ ထိခိုက်နိုင်တာကို သိလျက်နဲ့ ပြည်သူတွေကြားက သောင်းကျန်းသူတွေကို ဗုံးကြဲ/ ပစ်ခတ်တိုက်ခိုက်ခဲ့ရင် Geneva Conventions နဲ့ law of war တွေကို ချိုးဖောက်ရာကျပါတယ်။ ဒါ့အပြင် သောင်းကျန်းသူတွေကို လေကြောင်းက တိုက်ခိုက်တဲ့နေရာမှာ မီးလောင်ဗုံးတွေ၊ ကလပ်စတာဗုံးတွေ၊ ဇီဝ/ ဓါတုလက်နက်တွေ အသုံးပြုခဲ့ရင်လည်း law of war တွေကို ချိုးဖောက်ရာ ကျမှာဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိမှာ မြန်မာ့တပ်မတော်ဟာ သောင်းကျန်းသူသီးသန့်နေထိုင်တဲ့ စခန်းတွေ/ နေရာတွေ တနည်းအားဖြင့် စစ်ဘက်ဆိုင်ရာတရားဝင်ပစ်မှတ်တွေ legitimate military targets ကိုသာ တိုက်လေယာဉ်/ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေကနေ သမားရိုးကျ ဗုံးတွေ၊ ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ့တပ်မတော်ရဲ့ ပြည်တွင်းသောင်းကျန်းမှုနှိမ်နှင်းရေးမှာ လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတာဟာ နိုင်ငံတကာဥပဒေများနဲ့အညီသာဆောင်ရွက်ခြင်း ဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။ 

 Credit ; MistaKes